လူ ၁၀ ဦး သေဆုံးသွားသော ပုလဲမြို့နယ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းများ

လူ ၁၀ ဦး သေဆုံးသွားသော ပုလဲမြို့နယ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်းများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် ယနေ့ဇွန်လ၂၈ ရက် ညနေအထိ သေဆုံးသူ ၁၀ ဦးရှိပြီဟု ဒေသတွင်း သတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။

ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာနှင့် ချင်ပြစ်ကျေးရွာကို ယမန်နေ့ ဇွန်လ ၂၇ ရက်၊ ညနေ ၃နာရီခွဲခန့် တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးကြဲချတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှုအပြီးတွင် သံဃာတော်တစ်ပါးအပါအဝင် ရှစ်ဦး‌‌ သေဆုံးပြီး နာရီအနည်းငယ်အကြာတွင် ဒဏ်ရာပြင်းထန်သူ နှစ်ဦး ထပ်မံသေဆုံးသွားသည်ဟု ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က မဇ္စျိမကို ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများမှာ သက်တော် (၅၃) နှစ် ဦးဇင်းဦးခေမာ၊ အသက် ၃၈နှစ်အရွယ် ဦးမင်းစိုး (ယင်းမာပင်ခရိုင်အမှတ် (၁၀) တပ်ရင်းမှ ရဲဘော်)၊ အသက် (၅၀)နှစ်အရွယ် ဦးကျော်မြင့်ဝင်း၊ အသက် (၆၀) အရွယ် ဦးစိုးကြီး၊ အသက် (၃၅) နှစ်အရွယ် ဦးဇော်လင်း၊ အသက် (၇၀) အရွယ် ဦးသန်းဆောင်၊ အသက် (၅၀) အရွယ် ဦးဝင်းအောင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်တင်ညွှန့်၊ အသက် (၃၇) နှစ်အရွယ် မမြင့်မြင့်နွယ်နှင့် အသက် (၁၈) နှစ်အရွယ် မဟန်နီဇော်တို့ ဖြစ်သည်။

ထို့ပြင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၀ ဦးရှိရာ ယင်းအနက် တစ်ဦး စိုးရိမ်ရပြီး နေအိမ် ၁၄ လုံး မီးလောင်ပြာကျသွားကာ ဘုန်းကြီးကျောင်းဆောင် တစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင် တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်များကို လာရောက်ဗုံးကြဲခြင်းဟု ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည်။

စာတည်း။ ။ နောင်နောင်

#ပုလဲ

#ညောင်ကုန်းရွာ

#လေကြောင်းတိုက်ခိုက်

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly