ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ ၄ဦး စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးခံရ

By ဂန္ဒမာ (မဇ္ဈိမ)
28 June 2023
ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ ၄ဦး စစ်ကောင်စီနှင့် မပူးပေါင်းရန် သတိပေးခံရ

စစ်ကောင်စီအားဘဏ္ဍာရေးအကြံပေးနေသော ပြည်တွင်းပုဂ္ဂလိကဘဏ်ထိပ်တန်းအရာရှိ လေးဦးအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းနေမှုကို ရပ်တန့်ရန် Shadowless(အရိပ်မဲ့) အဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။

ဧရာဝတီဘဏ်မန်နေဂျင်းဒါရိုက်တာဦးမင်းဝင့်ဦးနှင့် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော် ၊ A Bank ဒုဥက္ကဋ္ဌ ဦးဇော်လင်းထွဋ် ၊ ရိုးမဘဏ် အမှုဆောင်အရာရှိချုပ် ဦးကျော်စိုးလင်းတို့ကို ၎င်းတို့တစ်ဦးချင်း၏ ဓာတ်ပုံ၊ လုပ်ငန်းတည်နေရာများကို ဖော်ပြကာ Shadowless(အရိပ်မဲ့) အဖွဲ့က ယမန်နေ့ ဇွန်လ ၂၇ရက်ညတွင် တယ်လီဂရမ်ချန်နယ်မှတဆင့် သတိပေးခြင်းဖြစ်သည်။

ဦးမင်းဝင့်ဦး၊ဦးမြင့်ဇော် ၊ဦးဇော်လင်းထွဋ် နှင့်ဦးကျော်စိုးလင်းတို့သည် နိုင်ငံတကာမှ ပိတ်ဆို့ အရေးယူခြင်းခံထားရသောစစ်ကောင်စီကို ဘဏ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာအကြံဥာဏ်များ ပေးနေကြသည့်သူများဖြစ်ကြောင်း၊ ၎င်းတို့လေးဦးထဲတွင် တော်လှန်ရေးကိုကူညီခဲ့ဖူးသူများပါဝင်နေသည်ကိုထောက်ရှု၍ နောက်ဆုံးအကြိမ်အဖြစ် သတိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

" အဲဒီလူတွေက အရင် NLD အစိုးရလက်ထက်ကလည်း အစိုးရကို ဘဏ်စနစ်နဲ့ပတ်သက်ပြီး ကူညီ ပေးခဲ့တာတွေရှိသလို တော်လှန်ရေးမှာလည်း ထုတ်ပြောလို့မရတဲ့ အစိတ်အပိုင်းတစ်ခုအထိ ပါဝင်ခဲ့တာကို စုံစမ်းသိရှိခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ရဲ့ထောက်တိုင်အဖြစ် အကျိုးပြုနေတာဟာ တော်လှန်ရေးကို အနှောက်အယှက် ပေးရာ ရောက်တာကြောင့် အခုလို သတိပေးတာဖြစ်ပါတယ်"ဟု Shadowless (အရိပ်မဲ့) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

စစ်ကောင်စီနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်နေပါက ထိုက်သင့်သည့်အရေးယူမှုများ ပြုလုပ်သွားမည်ဟု Shadowless (အရိပ်မဲ့) အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ သတိပေးချက်နှင့် ပတ်သက်၍ ဦးမင်းဝင့်ဦး၏ဖေ့စ်ဘွတ်အကောင့်မှတဆင့် ယနေ့ ဇွန်လ ၂၈ရက်ည ၈နာရီခန့်တွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ည ၁၀နာရီခန့်အထိဖြေကြားခြင်းမရှိသေးပေ။ မဇ္ဈိမက ဆက်သွယ်မေးမြန်းပြီး အချိန်အနည်းငယ်အကြာတွင် ဦးမင်းဝင့်ဦး၏ ဖေ့စ်ဘွတ်အကောင့်သည် ပရိုဖိုင်ပိတ်သွားသည်က်ို တွေ့ရသည်။ ဦးမြင့်ဇော်၊ဦးဇော်လင်းထွဋ်နှင့်ဦးကျော်စိုးလင်းတို့ကိုလည်း ဆက်သွယ်ရန် မဇ္ဈိမက ကြိုးစားနေဆဲဖြစ်သည်။

Shadowless (အရိပ်မဲ့)က ၎င်းတို့အဖွဲ့သည် တော်လှန်ရေးအား အနှောင့်အယှက်ပေးနိုင်သော သတင်းပေး(ဒလန်) ၊ သစ္စာဖောက်များအား ထိုက်တန်သည့်အရေးယူမှုများပြုလုပ်နိုင်ရန် လိုအပ်သည့်သတင်းအချက်အလက်အား ပေးနိုင်ရန် တည်ထောင်ထားသည့်အဖွဲ့ဖြစ်ကြောင်း အသိပေးထားသည်။

"တကယ်တမ်းကတော့ စစ်ကောင်စီကို ထောက်ခံ ပံ့ပိုးနေတယ်လို့ ယူဆရတဲ့ လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီအဖွဲ့အစည်း ၃၀၀ ကျော်ရဲ့ အချက်အလက်တွေ ရထား ပြီးပါပြီ။ သတင်းမှားတွေပါလာနိုင်တာရှိလို့ အဆင့်ဆင့် ပြန်စိစစ်နေတဲ့အတွက် အကုန်မတင်တာပါ။ မဖြစ်မနေ အရေးယူသင့်တဲ့အဆင့် ဆိုရင်တော့ မြေပြင်အဖွဲ့တွေကို တိုက်ရိုက်ပို့ပေးပါတယ်"ဟု Shadowless (အရိပ်မဲ့) အဖွဲ့တာဝန်ရှိသူကဆိုသည်။

စစ်ကောင်စီခေါင်းဆောင်ပိုင်းနှင့် စစ်ကောင်စီ‌ကျောထောက်နောက်ခံ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ကုလသမဂ္ဂနှင့်အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာအစိုးရများက စီးပွားရေးအရ ပိတ်ဆို့မှုများပြုလုပ်နေသလို အမျိုးသားညွတ်ရေးအစိုးရကလည်း စစ်ကောင်စီ၏ ဝင်ငွေရလမ်းကြောင်းများကို ဖြတ်တောက်ရန် နိုင်ငံတကာသို့တောင်းဆိုနေသည်။တဖက်တွင် ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ ဘဏ္ဍာရေး‌ဒေါက်တိုင်များကို ရှင်းလင်းခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

စစ်ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ၂၀၂၂ ခုနှစ်၊ဧပြီလ၇ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန်အိမ်ယာတွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်။စစ်ကောင်စီခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများကို ပြည်ပသို့ ပြောင်းရွှေ့ပေးနေသူဟု နာမည်ကြီးသော ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေရေးရာကော်မတီဝင်ဦးမင်းတေဇညွန့်တင်ကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် သန်လျင်မြို့လမ်းဆုံတနေရာ၌ Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားခဲ့သည်။

ပုံ - Shadowless အဖွဲ့က ထုတ်ပြန်ထားသည့် ဓာတ်ပုံမှတ်တမ်း

စာတည်း - မောင်ကြီး

#MizzimaTV

#စစ်ကောင်စီဘဏ္ဍာရေးအကြံပေး

#ပုဂ္ဂလိကဘဏ်အရာရှိလေးဦး

#Shadowless

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly