ဟင်္သာတတွင် အရက်မူးနေသည့် ရဲအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး

By မင်းထက် (မဇ္စျိမ)
28 June 2023
ဟင်္သာတတွင် အရက်မူးနေသည့် ရဲအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချင်းချင်း စကား များရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဇွန်လ ၂၇ ရက်နေ့ ည ၉ နာရီခန့်က ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ ညောင်ကုန်းအရပ်ရှိ အမှတ် (၂) နယ်မြေရဲစခန်းအတွင်း ရဲတပ်သားနေလင်းနှင့် ရဲတပ်သားမျိုးမင်းအောင်တို့နှစ်ဦး အရက်မူးပြီး စကားများ ရန်ဖြစ်ခဲ့ကြသည်ဟု ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူကပြောသည်။

ထိုသို့ စကားများရန်ဖြစ်ရာ ရဲတပ်သားမျိုးမင်းအောင်က ရဲတပ်သားနေလင်းကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ ကြောင်း၊ သေနတ်ကျည်ထိမှန်သည့်ဒဏ်ရာဖြင့် အသက် ၂၈ နှစ်အရွယ် ရဲတပ်သားနေလင်းသည် နေရာ မှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

“သေတာကတော့ သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းသေတာ။ သေတဲ့ရဲရဲ့ မိသားစုတွေကိုတော့ ချက်ချင်း အကြောင်းမကြားဘူး။ မနက်ပိုင်းမှ မိသားစုတွေသိရတာလို့ကြားတယ်” ဟု ရဲအသိုင်းအဝိုင်းနှင့်နီးစပ်သူ ကပြောသည်။

သေဆုံးသူမှာ ဟင်္သာတမြို့ ကနောင်စုရပ်ကွက်၊ ဇေယျသိင်္ဂီလမ်းတွင်နေထိုင်သည်ဟုသိရပြီး ဟင်္သာတ ဇာတိဖြစ်ကြောင်း ဒေသခံများကပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဟင်္သာတနယ်မြေရဲစခန်းအနီးတွင်နေထိုင်သည့် ဒေသခံတဦးကို ဆက် သွယ်မေးမြန်းခဲ့ရာတွင် ယမန်နေ့ ည ၉ နာရီခန့်က အမှတ်(၂)နယ်မြေရဲစခန်းအတွင်းမှ သေနတ်သံ တချက် ကြားခဲ့ရကြောင်း မဇ္စျိမကိုပြောသည်။

“သေနတ်သံ ကြားလိုက်ရတာပဲရှိတယ်။ အလောင်းကို ညတွင်းချင်း ဆေးရုံပို့တဲ့ပုံစံမျိုးတော့ မတွေ့ရဘူး။ အခုအချိန်အထိလည်း အလောင်းဘယ်မှာရှိနေတယ်ဆိုတာ မသိရဘူး။ ဒီနေ့မနက်ပိုင်း ကြားရတဲ့သတင်း တွေအရ သေတာတော့ သေချာပါတယ်” ဟု ဒေသခံကဆိုသည်။

သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်သားနေလင်းသည် သေနတ်သန့်ရှင်းရေးလုပ်ရာမှ မတော်တဆ ကျည် ထွက်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံရဲများက ဟင်္သာတမြို့ပေါ်တွင် သတင်း လွှင့်နေကြောင်း သိရသည်။

လက်ရှိတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ရဲတပ်သားမျိုးမင်းအောင်ကို ဟင်္သာတမြို့ အမှတ်(၂) နယ်မြေ ရဲစခန်းအချုပ်တွင် ဖမ်းဆီးထားကြောင်း၊ မည်သည့် ဥပဒေပုဒ်မဖြင့် အရေးယူမည်ကိုမသိရသေးကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ၏ပြောပြချက်အရသိရသည်။

ဟင်္သာတမြို့ အမှတ်(၂) နယ်မြေရဲစခန်းသည် ရဲအင်အား ၁၅ ဦးခန့်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခုဖြစ်သည်။

ဓာတ်ပုံ - သေဆုံးသူ ရဲတပ်သားနေလင်း

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း

#ဟင်္သာတမြို့

#အမှတ်(၂)နယ်မြေရဲစခန်း

#အချင်းချင်းခိုက်ရန်ဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly