လူကုန်ကူးမှု နှိမ်နင်းရေး စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်အာဏာပိုင်တို့ ထိန်းသိမ်းစစ်ဆေး

လူကုန်ကူးမှု နှိမ်နင်းရေး စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို ဖိလစ်ပိုင်အာဏာပိုင်တို့ ထိန်းသိမ်းစစ်ဆေး
Photo-AFP

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ လူကုန်ကူးခံရသူများကို အွန်လိုင်းဂိမ်းများအတွက် ကစားမည့်သူများအား စည်းရုံးစုဆောင်းစေရန် အလုပ်ခိုင်းစေမှုများ ရှိခဲ့သည် ဆိုသည့် အဆောက်အအုံတချို့ကို ဝင်ရောက်စီးနင်းမှုအတွင်း လူ ၂,၇၀၀ ကျော်ကို အာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်တွင် ပြောသည်။

ဇွန်လ ၂၆ ရက်ညပိုင်းက မြို့တော်ရှိ ခြံဝင်းတစ်ခုအတွင်း၌ တွေ့ရှိခဲ့သူများထဲတွင် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်္ကာပူ၊ မလေးရှား၊ ပါကစ္စတန်၊ ကင်မရွန်း၊ ဆူဒန်၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။

လူကုန်ကူးခံရသူများ သို့မဟုတ် လူကုန်ကူးမှုအတွက် သံသယရှိသူများကို ခွဲခြားထုတ်ဖော်သိရှိနိုင်ရန် အဆိုပါ ထိန်းသိမ်းခံရသူ ၂,၇၂၄ ဦးကို အာဏာပိုင်တို့က စစ်ဆေးမေးမြန်းလျက် ရှိကြောင်း ဆိုက်ဘာမှုခင်း နှိမ်နင်းရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ မစ်ချယ်လ် ဆာဘီနိုက ပြောသည်။

၎င်းတို့အနက် ၁,၅၀၀ ကျော်သည် ဖိလစ်ပိုင်နိုင်ငံသားများဖြစ်သည်။

အတုအယောင် ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှုများ၌ ပါဝင်လာစေရေး စည်းရုံးစေရန် သို့မဟုတ် လိမ်လည်လှည့်ဖြားရန် လူကုန်ကူးခံရသည့် သားကောင်များကို အသုံးချခိုင်းစေတတ်သည့် ဒေသတွင်းရှိ အင်တာနက် ရိုက်စားအလိမ်အညာများနှင့်ပတ်သက်ပြီး နိုင်ငံတကာအကြား စိုးရိမ်ပူပန်မှုတို့ ကြီးထွားလျက်ရှိသည်။

လူကုန်ကူးခံရသူများသည် အွန်လိုင်းဂိမ်းများအတွက် “ကစားမည့်သူများကို ရှာဖွေရန်” ဖိလစ်ပိုင်တွင် အလုပ်လုပ်ရမည် ဆိုသည့် ဖေ့ဘွတ်ခ်ပေါ်မှ အလုပ်ခေါ်စာများကို လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း ဆာဘီနိုက ပြောသည်။

အများအပြားသည် တစ်လလျှင် ပီဆို ၂၄,၀၀၀ (၄၃၃ ဒေါ်လာ) မျှသာ ရပြီး နေ့စဉ် ၁၂ နာရီ အဆိုင်းများကို မဖြစ်မနေ အလုပ်လုပ်ပေးကြရသလို ဝင်းအတွင်းမှ ပြင်ပသို့လည်း ထွက်ခွာခွင့်မရကြောင်း သူမက ပြောသည်။

ယခု စီးနင်းမှုသည် ဖိလစ်ပိုင်တွင် “အကြီးတကာ့ အကြီးဆုံး” လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး စီးနင်းမှုဖြစ်ကြောင်း သူမက ပြောသည်။

အွန်လိုင်းပေါ်မှ တရားမဝင် လုပ်ငန်းများတွင် ယခုအလုပ်သမားများ ပါဝင်ပတ်သက်နေခဲ့သလား ဆိုသည် အပါအဝင် “အရာအားလုံးကို စုံစမ်းစစ်ဆေးသွားမည်” ဖြစ်ကြောင်း ဆာဘီနိုက ပြောသည်။

ပြီးခဲ့သည့် မေလကလည်း ဖိလစ်ပိုင်နိုင်ငံသို့ လူကုန်ကူးခံရပြီး ပိတ်လှောင်ခံရကာ အွန်လိုင်း အလိမ်အညာလုပ်ငန်းများ၌ အတင်းအကျပ် ခိုင်းစေခံရသည့် အာရှနိုင်ငံတချို့မှ လူ ၁,၀၀၀ ကျော်ကို အာဏာပိုင်တို့က ကယ်တင်ပေးခဲ့ရသည်။

Philippines detains over 2,700 people in anti-trafficking raid

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required