အောင်ဇေယျတပ်ကုန်းရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သစ်တောရဲသေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
28 June 2023
အောင်ဇေယျတပ်ကုန်းရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး သစ်တောရဲသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့တစ်ဖက်ကမ်း၊ အောင်ဇေယျတပ်ကုန်းရှိ အနောက်ဘက် စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဇွန်လ ၂၈ ရက် နံနက် ၇ နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရိုးမဖိုက်တာ တပ်ဖွဲ့ထံက သိရသည်။

ထိုတိုက်ခိုက်မှူတွင် ဝိုင်းချစ်မိုးဆိုသည့် သစ်တောရဲ တစ်ဦးသေဆုံးခဲ့ပြီး စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရိုးမဖိုက်တာ တပ်ခွဲ(၃) မှ တပ်ခွဲမှူးက ပြောသည်။

“ စစ်ဆေးရေးဂိတ်က ခရီးသွားပြည်သူတွေအပေါ် မတရားငွေညှစ်တောင်းခံနေတဲ့ ဂိတ်တစ်ခုဖြစ်ပါတယ်။ ဒီမစ်ရှင်ကို ဆောင်ရွက်ဖို့  နှစ်လလောက် အချိန်ယူခဲ့ရတယ်။ ဂိတ်က ရဲနဲ့ စစ်သားတွေကို အနီးကပ်ပစ်ခဲ့ရတာဖြစ်ကါတယ်။ ရဲတစ်ဦးသေဆုံးတယ် တစ်ခြား စစ်သားတစ်ဦးကတော့ သေလောက်အောင်ပြင်းထန် ဒဏ်ရာရသွားတယ်” ဟု ၎င်း က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှူကို ယင်းမာပင်ခရိုင် အမှတ် (၃၄) တပ်ရင်း( ရိုးမဖိုက်တာ) နှင့် ကိုမိုးကောင်း ဦးဆောင်သည့် ယင်းမာပင်ခရိုင် အမှတ် (၄) တပ်ရင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရိုးမဖိုက်တာ တပ်ခွဲ(၃) မှ တပ်ခွဲမှူးက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အောင်ဇေယျတပ်ကုန်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ကာ စစ်ဆေးရေးဂိတ်ကိုအင်အားတိုးချဲ့ထားပြီး ခရီးသွားပြည်သူများကို ဖမ်းဆီး စစ်ဆေးမှူများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ အော်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly