ထိုင်းရွေးကောက်ပွဲ၌ ကြားဝင်စွက်ဖက်ခဲ့သည်ဆိုသော ပြောဆိုချက်များအား အမေရိကန် သံအမတ်ကြီး ပယ်ချ

By Morning Star
28 June 2023
ထိုင်းရွေးကောက်ပွဲ၌ ကြားဝင်စွက်ဖက်ခဲ့သည်ဆိုသော ပြောဆိုချက်များအား အမေရိကန် သံအမတ်ကြီး ပယ်ချ
Photo-AFP

မကြာသေးသော ထိုင်းရွေးကောက်ပွဲ၌ အမေရိကန်က ကြားဝင်စွက်ဖက်ခဲ့သည်ဆိုသော ပြောဆိုချက်များသည် ထိုင်းပြည်သူများအတွက် “အကျိုးမဲ့စေသော လုပ်ရပ်”ပဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပယ်ချသည်။

အမေရိကန်အနေဖြင့် မည်သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံရေးပါတီကိုမှ အားပေးထောက်ခံခြင်း မရှိဟု ရောဘတ် ဂိုဒက်က ပြောသည်။

မေ ၁၄ ရက်က ထိုင်းရွေးကောက်ပွဲတွင် အတိုက်အခံပါတီ Move Forward Party က မဲအများဆုံး အနိုင်ရသူအဖြစ် ထွက်ပေါ်လာပြီး အခြား အတိုက်အခံပါတီမှာလည်း ဒုတိယမဲအများဆုံး ရရှိကာ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာထံမှ အာဏာရယူနိုင်သော ညွန့်ပေါင်းအစိုးရသစ် ဖွဲ့နိုင်ခြေ ရှိလာသည့်နောက် အမေရိကန်က ကြားဝင်စွက်ဖက်ခဲ့သည်ဆိုသော စွပ်စွဲချက်များ ပြန်နှံ့နေခဲ့ခြင်း ဖြစ်သည်။

Move Forward ပါတီသည် လွန်ခဲ့သည့် ကိုးနှစ်ကာ စစ်အာဏာသိမ်းပြီး အာဏာကို ရယူခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ထက် အမေရိကန်ကို ပိုမို လိုလားပုံ ရှိပြီး ရွေးကောက်ပွဲတွင် အမေရိကန်က စွက်ဖက်သည်ဆိုသော စွပ်စွဲချက်များကို လက်ရှိအခြေအနေအား နှစ်သက်ထောက်ခံသူများဘက်က ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲကြပုံ ရှိသည်။

ဧပြီလအတွင်း အမေရိကန်သံရုံးရှေ့တွင် လူအုပ်ကြီးဖြင့် ဆန္ဒပြကြကာ ထိုင်းနိုင်ငံ၏ နိုင်ငံရေး၌ အမေရိကန်က ကြားဝင်စွက်ဖက်သည်ဟု စွပ်စွဲကြသည်။

ကောလဟလများနှင့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများသည် “မဲပေးပြည်သူများ၊ ရွေးကောက်ပွဲ တာဝန်ရှိသူများ၊ မဲရုံစောင့်ကြည့်သူများ ပါဝင်သော နိုင်ငံရေးဖြစ်စဉ်က ပြည်သူသန်းပေါင်းများစွာကို အကျိုးမဲ့စေသော လုပ်ရပ်ပဲ”ဟု ဂိုဒက်က ထိုင်းသတင်းထောက်များအား ပြောသည်။

“အမေရိကန်က ထိုင်းရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်တယ်ဆိုတဲ့ အတုအယောင် ကောလာဟလတွေကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ငြင်းပယ်ပါတယ်”ဟု ၎င်းက ထပ်လောင်း ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://morningstaronline.co.uk/article/w/us-ambassador-dismisses-claims...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly