မြန်မာ့စီးပွားရေး တည်ငြိမ်လာသော်လည်း စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ ပြဿနာများနှင့် ရင်ဆိုင်နေရဟု ကမ္ဘာ့ဘဏ် ပြော

မြန်မာ့စီးပွားရေး တည်ငြိမ်လာသော်လည်း စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများ ပြဿနာများနှင့် ရင်ဆိုင်နေရဟု ကမ္ဘာ့ဘဏ် ပြော

ယခုနှစ် ၂၀၂၃ ၏ ပထမနှစ်ဝက်တွင် မြန်မာ၏ စီးပွားရေး အခြေအနေတွင် တည်ငြိမ်မှု တချို့ ရှိသော်လည်း နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ အမျိုးမျိုးသော အတားအဆီးများနှင့် ကြုံတွေ့နေကြရဆဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ တစ်နှစ်နှစ်ကြိမ်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့်မှုအစီရင်ခံစာ (၂၀၂၃ ဇွန်) တွင် ထုတ်ဖော်သည်။ ထို့ပြင် အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှုသည် မခိုင်ခံ့ဘဲ ဆက်လက်အားနည်းနေဆဲ ဖြစ်သလို အာဏာသိမ်းစစ်ကောင်စီလက်အောက် မြန်မာတွင် စားနပ်ရိက္ခာ လုံခြုံမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ တိုးပွားလျက် ရှိကြောင်း ကမ္ဘာ့ဘဏ်၏ “မခိုင်ခံ့သော ပြန်လည်နာလန်ထူမှု- အလုပ်အကိုင်၊ ဝင်ငွေများနှင့် ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းများအပေါ် အထူးအာရုံစိုက်ခြင်း’ ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကိုင်ငန်းများ သက်ဝင်လှုပ်ရှားမှုက တဖြည်းဖြည်းချင်း ဦးမော့လာသည် ဆိုသော်လည်း နိမ့်ကျသော စမှတ်တစ်ခုမှ တက်လာခြင်း ဖြစ်သည်ကို အစီရင်ခံစာက အလေးပေး ဖော်ပြသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ငွေကြေးလဲလှယ်နှုန်းများမှာ တည်ငြိမ်မှုကို ထိန်းထားခဲ့ပြီး အစားအစာ၊ လောင်စာဈေးနှုန်းများနှင့် ပတ်သက်သည့် ငွေကြေးဖောင်းပွမှုပိုင်းတွင် လျော့ကျမှု ရှိခဲ့သည်ဟု ဆိုသည်။
“အပြိုင် ဈေးကွက် ငွေလဲလှယ်နှုန်းက ဇန်နဝါရီနဲ့ မေလအကြားမှာ ယေဘုယျအားဖြင့် ဆက်လက် တည်ငြိမ်ခဲ့တယ်ဆိုပေမယ့်လည်း ၂၀၂၂ ဇွန်လကထက် အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၇ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ငွေတန်ဖိုးလျော့ကျမှု ဖိအားတွေက ပြန်လည်ပေါ်ထွက်ခဲ့ပုံရပါတယ်။ တရားဝင် လဲလှယ်နှုန်းက အပြောင်းအလဲမရှိ ဆက်ရှိနေပေမယ့် ဈေးကွက် ငွေလဲလှယ်နှုန်းနဲ့ ၂၅-၃၀ ရာခိုင်နှုန်း ကွာဟမှုတစ်ခုက ဆက်ရှိနေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ပျမ်းမျှ နှစ်စဉ် ငွေကြေးဖောင်းပွမှုက ပြီးခဲ့သည့်နှစ်က ၁၈ ဒသမ ၃ ရာခိုင်နှုန်းကနေ ၂၀၂၃ စက်တင်ဘာလတွင် ၁၄ ရာခိုင်နှုန်းကို လျော့ကျမည်ဟု ခန့်မှန်းသလို ၂၀၂၄ တွင် ထပ်မံ ကျဆင်းဖွယ်ရှိသည်ဟု ဆိုသည်။

ဂျီဒီပီသည် ၂၀၂၃ စက်တင်ဘာလအထိ နှစ်အတွင်း ၃ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းရပြီး ယင်းမှာ ၂၀၁၉ ခုနှစ်က လယ်ဗယ်များအောက် ပျမ်းမျှ ၁၀ ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ စီးပွားရေးသည် သိသာထင်ရှားသော ရောင်းအားနှင့် ဝယ်အား အကန့်အသတ်ဖိအားများနှင့် ဆက်လက်ရင်ဆိုင်နေရပြီး ယင်း၏ အလုံးစုံ စွမ်းဆောင်မှုအပေါ် အဟန့်အတားဖြစ်စေလျက် ရှိကြောင်း အစီရင်ခံစာက ပြောသည်။
လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း စီးပွားရေးသည် တဖြည်းဖြည်းချင်း တိုးတက်မှုကို ကြုံတွေ့ရဖွယ်ရှိသော်လည်း မညီညာသော ပျံ့နှံ့မှုတစ်ခုနှင့်အတူ ဖြစ်မည်ဟု အစီရင်ခံစာတွင် ခန့်မှန်းသည်။

“မြန်မာဟာ စီးပွားရေး တိုးတက်မှုကို တစ်ဖန် ရနေတယ် ဆိုပေမယ့် တိုးတက်မှုက မညီမမျှ ဖြစ်နေပြီး အဆင်းရဲဆုံးပြည်သူတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ရှော့ခ် (တုန်လှုပ်ဖွယ် အခြေအနေများ) တွေရဲ့ ရိုက်ခတ်မှုကို အပြင်းအထန် ခံနေရတယ်” ဟု မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေညွှန်ကြားရေးမှူး မာရီယမ် ရှားမန်က ကမ္ဘာ့ဘဏ် အစီရင်ခံစာအတွက် သတင်းထုတ်ပြန်ချက်တွင် ပြောသည်။

“စိုးရိမ်ပူပန်စရာကောင်းတာက အာဟာရချို့တဲ့မှုကို တိုက်ဖျက်မှုနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေဟာ ရပ်တန့်သွားတာ ဒါမှမဟုတ် ပြောင်းပြန်ဖြစ်သွားတဲ့ပုံပေါ်နေတာပဲဖြစ်တယ်။ အိမ်ထောင်စု ထက်ဝက်ကျော်လောက်ဟာ သူတို့မှာ ရှိတဲ့အဖိုးတန်ပစ္စည်းတွေကိုပဲ မတတ်သာဘဲ ထုတ်ရောင်းချရတာ၊ ငွေချေးတာတွေ ပိုလုပ်လာရတာ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ပညာရေး နဲ့ပတ်သက်လို့ အပါအဝင် သူတို့ရဲ့ ငွေသုံးစွဲမှုကို အကန့်အသတ်နဲ့ လုပ်ရတာတွေ ရှိနေခဲ့ပါတယ်။ ဒီလိုမျိုး ကိုင်တွယ်ဖြေရှင်းရတဲ့ နည်းဗျူဟာတွေက ရေတိုမှာ လူမှုဘဝ ဖူလုံမှုအပေါ် ထိခိုက်စေရုံတင်မကဘဲ ရေရှည် ဝင်ငွေရနိုင်စွမ်းအပေါ်မှာပါ ထိခိုက်စေပါလိမ့်မယ်” ဟု သူမက ပြောသည်။

မြန်မာ့ စီးပွားရေး အလားအလာပိုင်းတွင် ဘေးအန္တရာယ် တချို့၊ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲများ အရှိန်မြင့်နေခြင်း၊ လျှပ်စစ်ထုတ်လုပ်မှု အလျဉ်ပြတ်ပြားခြင်း၊ မကြာခဏ ပေါ်နေသော ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားများ၊ သွင်းကုန်ဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများ၊ နိုင်ငံရှိ ပျက်စီးနေသော စီးပွားရေး ဝန်းကျင် ထပ်မံယိုယွင်းဆိုးရွားလာခြင်း စသည်တို့နှင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အစီရင်ခံစာအရ စီးပွားရေးလုပ်ငန်း အများအပြားသည် ၎င်းတို့၏ လုပ်ငန်းတိုးတက်ရှေ့ရောက်မှုကို ဟန့်တားနေသည့် အကန့်အသတ်အချုပ်အချယ်များနှင့် လုံးပန်းနေရသည်ဟု ဆိုသည်။ ဈေးနှုန်းများ မြင့်မားခြင်းနှင့် သွင်းကုန် တင်သွင်းမှုဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများအတွက် လိုအပ်သည့် ဖြည့်သွင်းရမှုများကို ဝယ်ယူရရှိရန် ခက်ခဲစေလျက်ရှိသည်ဟု ဆိုသည်။ အဓိကအားဖြင့် ထိုကာလအတွင်း ပြည်ပမှ တင်သွင်းရသည့် ဖြည့်သွင်းရမှုများ၏ ဈေးနှုန်းများ သိသိသာသာ မြင့်တက်မှုကြောင့် စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ အခြားထုတ်ပြန်သည့် အကျိုးအမြတ်များမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်နှင့်ယှဉ်လျင် လျော့ကျထားခဲ့သည်။

ထို့ပြင် ထပ်တလဲလဲဖြစ်နေသော အစားအစာဈေးနှုန်းများ ကြီးမြင့်မှုနှင့် ဖြစ်ပေါ်ဆဲ အလုပ်သမားဈေးကွက် မခိုင်ခံ့ခြင်းကြောင့် နိုင်ငံရှိ အိမ်ထောင်စု ဝင်ငွေများသည် သိသာသော ဖိအားနှင့် ဆက်လက် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာက ဆိုသည်။ လက်ရှိ ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခဒဏ် ပိုမို ကြီးကြီးမားမား ခံနေရသည့် ပြည်နယ်နှင့် တိုင်းများတွင် အလုပ်အကိုင်ခန့်အပ်မှုနှင့် ဝင်ငွေရရှိမှုအပေါ် သက်ရောက်မှုက အထူးတလည် ကြီးလေးသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

“အလုပ်အကိုင် ခန့်အပ်မှု အားနည်းတာ၊ အလုပ်လုပ်ရတဲ့ နာရီ နည်းပါးတာနဲ့ ပုံမှန်မဟုတ်တဲ့ ကျပန်း အလုပ် ဒါမှမဟုတ် တစ်ပိုင်တစ်နိုင် အလုပ် လုပ်ရတဲ့ပမာဏ များပြားတာတို့ ပေါင်းဆုံမှုက မိသားစု အများအပြားရဲ့ ဝင်ငွေ ရနိုင်စွမ်းကို လျော့ကျစေခဲ့တယ်။ ၂၀၁၇ နဲ့ ၂၀၂၂ အကြားမှာ လုပ်ခတွေက တကယ့်သတ်မှတ်ချက်တွေမှာ ပျမ်းမျှ ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်။ ပြီးတော့ ၂၀၂၂ မှာ သူတို့ရဲ့ ဝင်ငွေတွေ လျော့ကျသွားတယ်ဆိုပြီး မြန်မာ အိမ်ထောင်စု ထက်ဝက်နီးပါးက ထုတ်ဖော်ခဲ့ကြတယ်” ဟု အစီရင်ခံစာအတွက် သတင်းထုတ်ပြန်မှုတွင် ပြောသည်။

၂၀၂၃ ပထမနှစ်ဝက်တွင် စားနပ်ရိက္ခာ လုံခြုံမှုနဲ့ အာဟာရပိုင်း ယိုယွင်းဆိုးရွားလာပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သည့် အိမ်ထောင်စုများအကြား စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ သိသိသာသာ မြင့်တက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပြောသည်။

“ရလဒ်အနေနဲ့ စားနပ်ရိက္ခာ လုံခြုံမှုနဲ့ အာဟာရတို့အပိုင်းမှာ ၂၀၂၃ ပထမနှစ်ဝက်အတွင်း ပိုမိုဆိုးဝါးလာပုံပေါ်ပြီး ကိုင်တွယ်ဖြေရှင်းမှု လုပ်နည်းကိုင်နည်းတွေဟာလည်း တိုးပြီး ဝန်ပိလာနေပါတယ်။ စိုက်ပျိုးမွေးမြူရေး လုပ်တဲ့ အိမ်ထောင်စု ၄၈ ရာခိုင်နှုန်းဟာ အစားအစာ မလုံလောက်မှာနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေကြပြီး ဒါဟာ ၂၀၂၂ မေလက ၂၆ ရာခိုင်နှုန်းထက် ပိုများလာတာဖြစ်တယ်ဆိုတာကို ၂၀၂၃ မေလ ကမ္ဘာ့ဘဏ် စစ်တမ်းတစ်ခုအရ သိရပါတယ်။ ဒါ့အပြင် နို့၊ အသား၊ ငါးနဲ့ ကြက်ဥဘဲဉ လိုမျိုး အာဟာရရှိတဲ့ အစားအစာတွေ စားသုံးမှုပိုင်းမှာ သိသာထင်ရှားစွာ လျော့ကျတယ်ဆိုတာကိုလည်း စစ်တမ်းက ပြသနေတယ်” ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဝင်ငွေများ၊ အလုပ်အကိုင် နှင့် ကုန်ဈေးနှုန်းများအပေါ် တစ်စတစ်စ တိုးလာသော အမျိုးမျိုးသော ထိတ်လန့်ဖွယ် အခြေအနေများ၏ သက်ရောက်မှုကြောင့် အိမ်ထောင်စုများ၏ နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု လုပ်နည်းကိုင်နည်းများမှာ ဝန်ပိနေခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။ မြန်မာနိုင်ငံရှိ အိမ်ထောင်စု ထက်ဝက်ကျော်သည် ၎င်းတို့၏ ပိုင်ဆိုင်မှုအဖိုးတန်များကို မတတ်သာဘဲ လျော့ချရခြင်း၊ ငွေချေးမှုများ တိုးလုပ်ရခြင်း သို့မဟုတ် အသုံးစရိတ် လျှော့ချရခြင်းတို့ ရှိနေခဲ့သည်။ ကိုင်တွယ်ဖြေရှင်းမှု မဟာဗျူဟာတစ်ရပ်အဖြစ် သေးငယ်သော်လည်း သိသာသည့် အချိုးအစားတစ်ခုရှိသည့် အိမ်ထောင်စုများ (၅ ဒသမ ၈ ရာခိုင်နှုန်း) သည် ရေရှည် ရွှေ့ပြောင်းနေထိုင်မှုကို ရွေးချယ်ခဲ့ကြသည်။ ရွှေ့ပြောင်းနေထိုင်မှု အများစုသည် ထိုင်း သို့မဟုတ် မလေးရှားကဲ့သို့ နိုင်ငံများသို့ ရွှေ့ပြောင်းခြင်းထက် မြန်မာနိုင်ငံတွင်းမှာသာ အများဆုံးဖြစ်ပေါ်သည်။ ၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံတွင်း နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် အိမ်ထောင်စုများမှာ အဖိုးတန်ပစ္စည်းများ ပိုင်ဆိုင်မှု လျော့ကျဖွယ် ရှိခဲ့သလို နက်ရှိုင်းသော ဝင်ငွေ ဆုံးရှုံးမှုများလည်း ကြုံခဲ့ရဖွယ် ရှိပြီး ၎င်းတို့သည် တူညီသော မြို့နယ်အတွင်း အခြားအိမ်ထောင်စုများထက် ပိုပြီး အလုပ်လုပ်ရဖွယ် ရှိခဲ့ကြောင်း သိရသည်။
လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများက သိသာထင်ရှားသော စိန်ခေါ်မှုများအဖြစ် ဆက်ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

“၂၀၂၃ နှစ်စနောက်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှုတွေက ပိုလို့တောင် သိသာတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့တယ်။ မတ်လထဲမှာ လုပ်ငန်းလည်ပတ်မှုတွေအတွက် သိသာအထင်ရှားဆုံး အကန့်အသတ်ဖိအားက ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်တယ်ဆိုပြီး ကုမ္ပဏီအားလုံးရဲ့ ၄၂ ရာခိုင်နှုန်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းထက်ဝက်ကျော်က ထုတ်ဖော်ကြပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။
Kim Alan Edwards (ပရိုဂရမ် ခေါင်းဆောင်နှင့် အကြီးတန်း စီးပွားရေးပညာရှင်)၊  Kemoh Mansaray (အကြီးတန်း စီးပွားရေးပညာရှင်၊ အထူးအဖွဲ့ခေါင်းဆောင်) ၊ ဒေါ်သီတာမြင့် (ဌာနေ စီးပွားရေးပညာရှင်),၊ Faya Hayati (အကြီးတန်း စီးပွားရေးပညာရှင်) နှင့်  ဦးကျော်မင်းမော် (အတိုင်ပင်ခံ) တို့ ပါဝင်သည့် အဖွဲ့တစ်ခုက အစီရင်ခံစာကို ပူးပေါင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်သည် ဇွန်လ ၂၇ ရက် မနက်ပိုင်းက အစီရင်ခံစာ ထုတ်ဖော်မှု အွန်လိုင်းအခမ်းအနားတစ်ခုကို ပြုလုပ်ခဲ့ပြီး မာရီယမ် ရှားမန်၊ Kim နှင့် Kemoh တို့က တင်ပြမှုများ ပြုလုပ်ခဲ့သည်။

“ခင်ဗျားတို့လည်း တွေ့နိုင်တာပဲလေ။ တချို့နေရာတွေမှာ ခင်ဗျားလည်း သိပါတယ်။ ရန်ကုန်မှာတောင်မှ လျှပ်စစ်မီးက နေ့တစ်နေ့ရဲ့ အင်မတန် သိသာတဲ့ အချိန်တွေကြာအောင် ပြတ်တောက်နေခဲ့တယ်။ မတ်လကနေ မေလအထိ တစ်နေ့ကို ပျမ်းမျှ ရှစ်နာရီလောက် ဆိုသလိုဖြစ်နေတယ်။ အခြားနေရာဒေသတွေမှာလည်း ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဒီ လျှပ်စစ်မီးက ပိုလို့‌တောင် ဆိုးခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေအပေါ် ဂယက်ရိုက်ခတ်မှုနဲ့ပတ်သက်လို့ တွေးကြည့်မယ်ဆိုရင် ဒါဟာ သူတို့အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လည်ပတ်ချင်တယ်ဆိုရင် ဒီဇယ် မီးစက်တွေ၊ အခြားအစားထိုး လျှပ်စစ်ရင်းမြစ်တွေကိုပဲ မဖြစ်မနေ အားကိုးကြရတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ပြီးတော့ ဒါတွေက လျှပ်စစ်ဓာတ်အားလိုင်းအပေါ် အားကိုးတာထက် ပိုလို့တောင် အများကြီး စရိတ်စကများလေ့ ရှိပါတယ်။ ဆိုတော့ ဒါက လောလောဆယ်မှာ မြန်မာမှာ စီးပွားရေးလုပ်ကိုင်ရတဲ့ နောက်ထပ် ထပ်တိုးစရိတ်ပဲဖြစ်တယ်” ဟု Kim Alan Edwards က အစီရင်ခံစာ ထုတ်ဖော်သည့် အွန်လိုင်းအခမ်းအနားတွင် လျှပ်စစ်မီးပြတ်တောက်မှုများကို ရည်ညွှန်းပြောဆိုသည်။

Myanmar's economy stabilizes but businesses and households face problems: World Bank
https://www.mizzima.com/article/myanmars-economy-stabilizes-businesses-a...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly