ပရီးမီးယားလိဂ်တွင် ကစားရန် တစ်ပတ် ပေါင် ၆ သိန်း အီဗရာဟီမိုဗစ်ချ် တောင်းဆို

ပရီးမီးယားလိဂ်တွင် ကစားရန် တစ်ပတ် ပေါင် ၆ သိန်း အီဗရာဟီမိုဗစ်ချ် တောင်းဆို

ဧပြီ ၁၊ အင်္ဂလန် ။             ။ လာမည့်နွေရာသီတွင် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာဖွယ်ရှိနေသည့် ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်က ပရီးမီးယားလိဂ်တွင် ကစားရန် တစ်ပတ်ပေါင် ၆ သိန်း တောင်းဆို လိုက်သည်။

မိုဗစ်ချ်၏ လက်ရှိစာချုပ်မှာ လာမည့်နွေရာသီတွင် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ၎င်းကို စိတ်ဝင်စားသည့်အသင်းများအနေဖြင့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သော်လည်း တောင်းဆိုထားသည့် လစာငွေမှာ အလွန် များပြားလျက်ရှိသည်။

မိုဗစ်ချ်၏ အပြောင်းအရွှေ့နှင့် ပတ်သက်သူ တစ်ဦးက 'ကျွန်တော်တို့သူ့ကို ခေါ်ယူချင်ပါတယ်။ ဒါပေမဲ့ တောင်းဆိုတဲ့ လစာငွေက အရမ်းများလွန်းနေပါတယ်။ သူက အသင်းအတွက် ခေါ်ယူဖို့ သင်တော်တဲ့သူတစ်ဦးပါ။ ဒါပေမဲ့ ၃၄ နှစ်ဆိုတဲ့ အသက်အရွယ်နဲ့ တောင်းဆိုတဲ့ ကြေးက အမှန်တကယ် ထိုက်တန်မှု ရှိရဲ့လား ဆိုတာ စဉ်းစားစရာပါ' ဟု ပြောဆိုခဲ့သည်။

မိုဗစ်ချ်ကို တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁ သန်းဖြင့် တရုတ်စူပါလိဂ်အသင်းတစ်သင်းက ခေါ်ယူရန် ဆွေးနွေးနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မိုဗစ်ချ်မှာ ဝေးလံသည့် အရှေ့အာရှဒေသသို့ သွားရန် ဆန္ဒရှိပုံ မရကြောင်း သတင်းများက ဆိုသည်။

မိုဗစ်ချ်မှာ ပရီးမီးယားလိဂ်သို့ လာရောက်ကစားလိုသော်လည်း အင်္ဂလန်၏ အခွန်နှုန်းထားမှာ များပြားသည့်အတွက် မပျော်မရွှင် ဖြစ်လျက်ရှိသည်။

မိုဗစ်ချ်က်ု ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် မန်စီးတီး၊ အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီးနှင့် ဝက်စ်ဟမ်းတို့မှ စိတ်ဝင်စားလျက်ရှိနေသည်။ မိုဗစ်ချ်၏ အေးဂျင့်ရွိုင်အိုလာက အသင်းတိုင်းက ဆွီဒင်တိုက်စစ်မှူးကို ခေါ်ယူရန် တံခါးလာခေါက်နေကြကြောင်း ပြောသည်။

လက်ရှိပရီးမီးယားလိဂ်တွင် လစာအများဆုံးကစားသမားမှာ ရွန်နီဖြစ်ပြီး တစ်ပတ်လစာငွေ ပေါင် ၂၆၀,၀၀၀ ရရှိနေသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly