စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဗျူဟာကြောင့် အရပ်သားပြည်သူများ အန္တရာယ်အရှိဆုံး အခြေအနေအောက် ကျရောက်နေ

By Andrew Landen
27 June 2023
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဗျူဟာကြောင့် အရပ်သားပြည်သူများ အန္တရာယ်အရှိဆုံး အခြေအနေအောက် ကျရောက်နေ
ချင်းပြည်နယ် ထန်တလန်မြို့မှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ထုတ် ဝေဟင်ဓာတ်ပုံတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အဆောက်အဦ ၁၆၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ဓာတ်ပုံ- AFP

မြန်မာအာဏာသိမ်းစစ်တပ်ထံ လေယာဉ်ဆီ ရောင်းချထောက်ပံ့မှုအပေါ် တားဆီးပိတ်ဆို့ရေး ကမ္ဘာ့နိုင်ငံများသို့ စစ်ကောင်စီဆန့်ကျင်သူများ၏ တောင်းဆိုပန်ကြားသံများက ပိုမို ကျယ်လောင်လာလျက် ရှိသည်။

နိုင်ငံ၌ အရပ်သားပြည်သူများနှင့် တော်လှန်ရေး ပစ်မှတ်များကို အကြီးအကျယ် ထိခိုက်စေသည့် သက်ရောက်မှုဖြင့် စစ်တပ်က ဗုံးကြဲခြင်း၊ ရော့ကတ်ဖြင့် ပစ်ခတ်ခြင်းနှင့် လေယာဉ်မှ စက်သေနတ်ဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်နိုင်စေရန် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်သုံး လောင်စာဆီက ထောက်ကူပေးနေသည့် အချက်မှာ အဓိက စိုးရိမ်ပူပန်စရာ ဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများက တိုးများလာခဲ့ပြီး ကြီးမားသည့် အတိုင်းအတာတစ်ခုဖြင့် အရပ်သားပြည်သူများမှာ စစ်တပ်၏ လူသေဆုံးစေသော အပြင်းအထန် တိုက်ခိုက်မှုများ၏ အဆိုးဆုံး အခြေအနေများကို တွေ့ကြုံခံစားခဲ့ကြရသည်။

 

အသွင်သဏ္ဍာန် မတူသော်လည်း နီးကပ်စွာ ဆက်နွယ်နေသော အချက်နှစ်ခု

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့၏ “ဖြတ် လေးဖြတ်” ဗျူဟာ၏ တစ်စိတ်တစ်ဒေသအဖြစ် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် အသုံးပြုမှုအပေါ် ပိုမို အားပြုလာရခြင်းအတွက် အဓိကအကြောင်းရင်းများသည် အရင်းခံအားဖြင့် အပိုင်းနှစ်ပိုင်း ရှိသည်ဟု ဆိုနိုင်သည်။

ပထမတစ်ခုမှာ နွေဦးတော်လှန်ရေး ပြီးခဲ့သည့် နှစ်နှစ်အကြာက စတင်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) များသည် လက်နက်တပ်ဆင်မှုပိုင်း အားနည်းပြီး မပြည့်မစုံဖြစ်သော်လည်း သိသာထင်ရှားစွာဖြင့် အရှိန်ရလာခဲ့ပြီး ယခုအချိန်တွင် နိုင်ငံ၏ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော်သည် လက်တွေ့အားဖြင့် စစ်ကောင်စီ မထိန်းချုပ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်သည်။

ဒုတိယတစ်ခုမှာ တိုက်ပွဲ အတော်များများနှင့် ထိတွေ့ရင်ဆိုင်ရသည့်အတွက်ကြောင့် အာဏာသိမ်းစစ်တပ်၊ အထူးသဖြင့် မြေပြင်ကြည်းတပ် တပ်ဖွဲ့ဝင်များ ထိခိုက်ကြရပြီး PDF တပ်ဖွဲ့များ၏ စစ်ရေးဆောင်ရွက်ချက်များ၊ အထူးသဖြင့် စစ်တပ်ကို ထိခိုက်သေဆုံးမှု များပြားစေသည့် လက်လုပ်မိုင်း (IEDs) အသုံးပြုပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်း အပါအဝင် ပစ်ပြီး ပြေးသည့် ဗျူဟာ အသုံးပြု တိုက်ခိုက်မှုများ၏ ရလဒ်ကြောင့် စစ်တပ်အနေဖြင့် အထိနာမှုများနှင့် ကြုံတွေ့ထားရခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် အာဏာသိမ်းစစ်တပ်၏ ဗျူဟာချမှတ်သူများအနေဖြင့် ပြန်လည်သုံးသပ်မှုများ လုပ်ဆောင်ခဲ့ကြသည်။

ပြီးခဲ့သည့် ရာစုနှစ်ဝက်အတွင်း ကမ္ဘာပေါ်ရှိ စစ်နယ်ဝန်း အများအပြားတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ပင် မြေပြင်တပ်များ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက အာဏာချုပ်ကိုင်သူများဘက်က မကြာခဏဆိုသလို အထူးသဖြင့် တိုက်လေယာဉ်များနှင့် လက်နက်အပြည့်အစုံတပ် ရဟတ်ယာဉ်များ ကဲ့သို့ နည်းလမ်းများကို တိုးမြှင့် အသုံးပြုခဲ့ကြသည်။ အစိုးရတပ်ဖွဲ့များ ပြောက်ကျားတပ်ဖွဲ့များနှင့် ရင်ဆိုင်ရသည့် အခြေအနေများတွင် ဂျက်တိုက်လေယာဉ်များ၊ လက်နက်တပ် ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခြင်းက အုပ်ချုပ်သူအာဏာပိုင်တို့ကို အသာရစေသလို စစ်မှုထမ်းတပ်ဖွဲ့ဝင်များ ဆုံးရှုံးမှုကို နည်းနိုင်သမျှ နည်းစေသည်။ ယင်းကဲ့သို့သော မြင်ကွင်းတစ်ခုကို ၁၉၈၀ ပြည့်နှစ်က အာဖဂန် ပြောက်ကျားများနှင့် ဆိုဗီယက်အကြား စစ်ပွဲအတွင်း တွေ့ရနိုင်ခဲ့သည်။

လေကြောင်းမှ တိုက်ခိုက်ခြင်းက သေချာပေါက် မလွဲတမ်းတိကျသည် မဆိုနိုင်သော်လည်း ယင်းက “ထိတ်လန့်စရာ” အခြေအနေကို ဖြစ်စေပြီး ရန်သူကို၊ (လက်ရှိ မြန်မာ့ကိစ္စတွင်) PDFs များနှင့် အရပ်သားပြည်သူများကို ကြောက်လန့်တကြားဖြင့် ဝပ်နေရစေခြင်း၊ ထွက်ပြေးရစေခြင်းတို့ကို ဖြစ်စေကာ သေဆုံးမှုပိုင်းတွင်လည်း သိသိသာသာ များပြားစေသည်။

ပြီးခဲ့သည့် ၁၂ လအတွင်း မြန်မာစစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များနှင့် ၎င်းတို့၏ ထောက်ခံသူများ အညံ့ခံရစေရန် ကြိုးပမ်းသည့်အနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ လေယာဉ်ပစ် လက်နက်များ တပ်ဆင်ထားကောင်းထားနိုင်သည် ဆိုသည့် ကောလာဟလများ ထွက်ခဲ့လင့်ကစား PDFs များတွင် ယင်းကဲ့သို့သော လေယာဉ်ပစ်လက်နက်များ မရှိသည့် အချက်ကို ဤမဟာဗျူဟာတွင် ထည့်သွင်းစဉ်းစားသည်။

 

အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ခြင်းများ

စစ်ကောင်စီသည် အင်အားကြီးမားသော တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ (EROs) များကို ငြိမ်းချမ်းရေး သဘောတူညီချက်များ ကမ်းလှမ်းရင်း PDFs များနှင့် သွေးခွဲ (သဘောကွဲစေရန်) ရန် ကြိုးပမ်းရင်း တစ်ချိန်တည်းမှာပင် PDF ထောက်ခံသူများကို တမင်ရည်ရွယ် ပစ်မှတ်ထားသည့် မဟာဗျူဟာကို ကိုင်ဆွဲမည့်ပုံပေါ်သည်။

အရပ်သားပြည်သူတို့အပေါ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းက နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုတို့ကို ထွက်ပေါ်စေပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ကောင်စီ၏ စစ်ပွဲကြိုးပမ်းမှု၏ အဓိက မောင်းနှင်အားအဖြစ် တိုးချဲ့ရောက်ရှိခဲ့သော ကျယ်ပြန့်သည့် တိုက်ပွဲစဉ်တစ်ခု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

၂၀၂၂ နှစ်လည်ပိုင်းကစ၍ စစ်ကောင်စီ လေတပ်သည် PDFs များ၊ ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ရာတွင်သာမကဘဲ ERO အခြေစိုက်စခန်းများ၊ ကွပ်ကဲမှုစင်တာများနှင့် အထောက်အကူပြု စီးပွားရေး ရင်းမြစ်များကို ထိမှန်စေရန် ရည်ရွယ်ပြီး နေ့စဉ် ပျံသန်း တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ထားခဲ့ကြောင်း Asia Times အတွက် ရေးသားနေသည့် လုံခြုံရေး အကဲခတ် အန်ထော်နီ ဒေးဗစ်က ပြောသည်။

ပြီးခဲ့သည့် ၁၂ လအတွင်း အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားလုပ်ဆောင်သည့် လူ့အသက်သေစေသော လေကြောင်းတိုက်ခိုက်မှု သုံးခုက ပေါ်လွင်ထင်ရှားနေခဲ့ပြီး အားလုံးက ထိတ်လန့်စရာ ကောင်းခဲ့သည်။

ယင်းတို့မှာ ပြီးခဲ့သည့် စက်တင်ဘာလ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်ခြင်း၊ အောက်တိုဘာက ကချင်ကျောက်စိမ်းတူးဖော်ရာ အချက်အချာနေရာ ဖားကန့်မြို့ အနီး တေးဂီတဖျော်ဖြေပွဲတစ်ခုကို လေကြောင်းတိုက်ခိုက်ခြင်းနှင့် ယခုနှစ် ဧပြီလက စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာ၌ အရပ်သား ၁၇၀ ခန့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုတို့ ဖြစ်သည်။

ဗမာလူများစုရှိရာ ဒေသများနှင့် တိုင်းရင်းသားပြည်နယ် ဧရိယာတချို့ အပါအဝင် နိုင်ငံတစ်ဝန်း ပစ်မှတ်အမျိုးမျိုးအပေါ် လုပ်ဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများ၏ အပတ်စဉ် စာရင်းအရ စစ်ကောင်စီ ပေးသော မက်ဆေ့ချ်က ရှင်းလင်းပေါ်လွင်နေသည်။ ယင်းမှာ နိုင်ငံ၌ အာဏာကို ဖက်တွယ်ထားမည့် စစ်ကောင်စီ၏ မဟာဗျူဟာအရ အရပ်သား ထိခိုက်သေကျေမှုများသည် စစ်ကောင်စီဘက်က ပေးဆပ်ခိုင်းစေချင်သည့် အရင်းအနှီးတစ်ခု ဖြစ်သည် ဆိုခြင်းပင် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် လူသိများထင်ရှားသော တက်ကြွလှုပ်ရှားသူ ဦးမင်းကိုနိုင်တို့ ရေးသားသည့် “ယူကရိန်းနည်းတူ၊ မြန်မာလည်း နိုင်ငံတကာ အကူအညီကို ရထိုက်သည်” ဆိုသည့် ခေါင်းစဉ်ဖြင့် USIP တွင် မကြာသေးခင်က ဖော်ပြသည့် သုံးသပ်ချက်တစ်ခုတွင် လေကြောင်းတိုက်ခိုက်မှုများက အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူတို့အပေါ် တိုက်ခိုက်သော စစ်ပွဲ၏ “အကန့်အသတ်မဲ့ ရက်စက်ကြမ်းကြုတ်မှု” ၏ အထောက်အထားသက်သေတစ်ခု ဖြစ်သည်ဟု ရည်ညွှန်းခဲ့သည်။

မကြာသေးမီက ဥပမာဖြစ်စဉ်တစ်ခုကို ပြရမည် ဆိုလျှင် ၂၀၂၃ ၊ ဧပြီ ၁၀ ရက် မနက်ပိုင်းက နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ဝေးခေါင်ချောင်ကျသည့် နိုင်ငံအလယ်ပိုင်းရှိ ပဇီကြီးကျေးရွာ၌ ဆိုးရွားသည့် ဝရုန်းသုန်းကားအခြေအနေတစ်ခုကို ဖြစ်စေခဲ့သည်။ စစ်အုပ်စု၏ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များက အပေါ်တွင် ပျံဝဲပြီး အောက်တွင် ရှိနေသည့် ကျေးရွာသူ၊ ကျေးရွာသားတို့၏ စုဝေးပွဲတစ်ခုအပေါ် ရက်ရက်စက်စက် ဗုံးများကြဲချခြင်း၊ လက်နက်ဖြင့် ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ယင်းနောက်တွင် တိုက်ခိုက်ခံရသည့် ဧရိယာအနှံ့တွင် ရာနှင့်ချီသော အလောင်းများ ပြန့်ကျဲနေခဲ့ပြီး ထိုဖြစ်စဉ်က တစ်နိုင်ငံလုံးကို ထိတ်လန့်၊ ကြေကွဲဝမ်းနည်းမှုတို့ဖြင့် လွှမ်းမိုးစေခဲ့သည်။

သို့သော်လည်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများက ရပ်တန့်မသွားခဲ့ပေ။ နောက်ထပ်တစ်ကျော့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်မှုကို ဆက်လုပ်ခဲ့ခြင်းအားဖြင့် ကယ်ဆယ်ရေးလုပ်သားများကို ပစ်မှတ်ထားခဲ့ကာ သက်သေအထောက်အထားများကို ဖျက်ဆီးခဲ့သည်။

အဆိုပါ ဝမ်းနည်းဖွယ် အဖြစ်ဆိုးက တစ်ခုတည်း သီးခြားဖြစ်ပေါ်သော ဖြစ်စဉ် မဟုတ်ပေ။ အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကာလအတွင်း စစ်တပ်သည် အရပ်သားပြည်သူ ထောင်ချီကို သတ်ဖြတ်ခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ အဆင့်မြင့် ရွေးကောက်ခံ ပုဂ္ဂိုလ်များ အပါအဝင် လူသောင်းချီကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့ပြင် မီးရှို့တိုက်ခိုက်မှုများဖြင့် လူနေအိမ်ပေါင်း ထောင်ပေါင်းများစွာကို ဖျက်ဆီးခဲ့သလို အရပ်သား ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှု ရာချီကို လုပ်ဆောင်ခဲ့သည်။ ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်လျက် အာဏာပြန်ယူရန် စစ်ဗိုလ်ချုပ်ကြီးများ၏ ကြိုးပမ်းမှုများကို ဆန့်ကျင်တော်လှန်ခြင်းအတွက် ဗမာ အများစု နေထိုင်ရာ အလယ်ပိုင်းမြေပြန့်လွင်ပြင်ရော၊ တိုင်းရင်းသားလူနည်းစု ဧရိယာများရောသည် စစ်အုပ်စု၏ ပစ်မှတ်များဖြစ်နေသည်” ဟု အထက်ပါပုဂ္ဂိုလ်သုံးဦးက ရေးသားသည်။

လူသေဆုံးစေသော လေကြောင်းတိုက်ခိုက်မှုများက စစ်ကောင်စီ၏ ပို၍ ပို၍ ထင်ရာစိုင်းလာနေသော စစ်ပွဲ၏ အရက်စက်ဆုံး အပိုင်းတစ်ခု ဖြစ်ပြီး ယင်းသည် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် အများယုံကြည်လက်ခံနိုင်မှု အလုံးစုံကို မည်သို့မည်ပုံ ဆုံးရှုံးထားရပြီ ဆိုသည်နှင့် ပြည်သူများအပေါ် မည်မျှအထိ အကြီးအကျယ် တာဝန်ပျက်ကွက်နေခဲ့သလဲ ဆိုသည်ကို ပြသနေကြောင်း ဝေဖန်သူများအရ သိရသည်။

 

တုံ့ပြန်မှု

မြန်မာတွင် အသက်သေစေသည့်၊ အကြောက်တရား ဆိုက်စေသည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအပေါ် အများပြည်သူတို့ထံမှ ဆန့်ကျင်ကန့်ကွက်သံများအပြင် ပြည်တွင်းနှင့် နိုင်ငံတကာ NGOs အတော်များများနှင့် ကုလသမဂ္ဂတို့ကလည်း အရပ်သားပြည်သူတို့ကို ထိခိုက်စေမည့် အထောက်အပံ့များ စစ်ကောင်စီထံ မရောက်ရှိစေရေး ပိတ်ပင်ရန် ကမ္ဘာ့နိုင်ငံများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများကို တောင်းဆိုတိုက်တွန်းလျက်ရှိသည်။

မြန်မာစစ်တပ်ထံ လေယာဉ်ဆီများ မရောက်ရှိစေရေး အရေးတကြီး ဟန့်တားပိတ်ဆို့ရန် Amnesty International အဖွဲ့က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆက်လက် တိုက်တွန်းလျက် ရှိသည်။

“မရဏကုန်စည်-မြန်မာရှိ စစ်ရာဇဝတ်မှုများကို လောင်စာဖြည့်ပေးနေသော ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်များကို ဖော်ထုတ်ခြင်း” ဟု ခေါင်းစဉ်တပ်ထားသည့် ယမန်နှစ်ကုန်ပိုင်းက ထုတ်ဖော်သော ၎င်းတို့၏ အစီရင်ခံစာတွင် မြန်မာ၌ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လေယာဉ်ဆီနှင့်ပတ်သက်ပြီး အသေးစိတ်အကျဆုံး လေ့လာထုတ်ဖော်မှုကို ပြုလုပ်ထားပြီး  လေယာဉ်ဆီ ကနဦး ယူဆောင်ထွက်ခွာသည့် ဝေးလံသော ဆိပ်ကမ်းမှ အရပ်သားများကို သေစေသော တရားမဝင်သည့် လေကြောင်းတိုက်ခိုက်မှုများဆီ မည်သို့မည်ပုံ ရောက်ရှိစေသည် ဆိုသည်နှင့် ကြားရှိ အဆင့်မှန်သမျှတိုင်းကို ဖော်ထုတ်ရေးသားထားသည်။

“ဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာ မိသားစုတွေကို အကြီးအကျယ် မွှေနှောက်ဖျက်ဆီးပြီး အရပ်သားတွေကို အကြမ်းဖက် ခြိမ်းခြောက်ကာ ထိခိုက်ခံရသူတွေကို အသက်သေဆုံး၊ ကိုယ်လက်အင်္ဂါ ဒဏ်ရာရစေတာတွေကို ဖြစ်စေခဲ့ပါတယ်” ဟု Amnesty International ၏ အထွေထွေအတွင်းရေးမှူး အက်ဂနက်စ် ကယ်လာမာ့ဒ်က ပြောသည်။ သို့သော် အကယ်၍ လေယာဉ်များ ဆီမဖြည့်နိုင်ဘူးဆိုပါက ပျံသန်းနိုင်တော့မဟုတ်သလို ကသောင်းကနင်းအခြေအနေများကို ဖြစ်စေနိုင်မည် မဟုတ်သည့်အတွက်ကြောင့်  မြန်မာလေတပ်ကို အကျိုးဖြစ်စေလျက် ရှိသည့် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်တစ်ခုမှ ရုပ်သိမ်းထွက်ခွာရန် လေယာဉ်ဆီ ပေးသွင်းရောင်းချသူများ၊ သင်္ဘောကုန်စည်ပို့ဆောင်မှု အေးဂျင့်များ၊ သင်္ဘောပိုင်ရှင်များနှင့် ပင်လယ်ရေကြောင်းအာမခံလုပ်ငန်းများကို Amnesty အဖွဲ့အနေဖြင့် တိုက်တွန်းရခြင်းဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားသည်။

“စစ်ရာဇဝတ်တွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အခြား ကြီးလေးဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ထားတယ်လို့ ထပ်ခါတလဲလဲ စွပ်စွဲခံထားရတဲ့၊ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ပမာမခန့်လုပ်နေတဲ့ စစ်တပ်ကို လေယာဉ်ဆီ ပေးသွင်းရောင်းချမှုမှာ ပါဝင်တာက မှန်ကန်တရားမျှတမှု မရှိနိုင်ပါဘူး” ဟု ယင်းက ရေးသားသည်။

Amnesty International ၏ သုတေသနသည် Burma Campaign UK အပါအဝင် အခြားသော အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ထောက်ကူမှုနှင့်အတူ Justice For Myanmar နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အဖွဲ့အားလုံးသည် စစ်ကောင်စီထံ လေယာဉ်ဆီ အထောက်အပံ့များ မရောက်စေအောင် ပိတ်ဆို့တားဆီးရန် လိုအပ်ကြောင်း ထုတ်ဖော်ထားကြသူများ ဖြစ်သည်။

ယခု NGOs များသည် အစီရင်ခံစာများ ရေးသားပြုစုရန် သုတေသန လုပ်ရုံသက်သက် မဟုတ်ဘဲ ၎င်းတို့သည် လေယာဉ်ဆီ တိတ်တဆိတ် ပေးပို့နေသည့် ကုမ္ပဏီများနှင့် အစိုးရများကို စည်းရုံးရန် အွန်လိုင်းနည်းလမ်းနှင့် အခြား တိုက်ရိုက်နည်းလမ်းများကိုလည်း အသုံးပြုထားကြသည်။

 

ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်ကို ဖော်ထုတ်

Amnesty အဖွဲ့က အလေးပေးပြောသကဲ့သို့ပင် စီးပွားရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် ၎င်းတို့ လုပ်ငန်းလုပ်ဆောင်ရာ နေရာတိုင်းတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာရမည့် တာဝန်ဝတ္တရား ရှိသည်။ သို့သော် မြန်မာသို့ လေယာဉ်ဆီ ထောက်ပံ့ပေးသွင်းမှုတွင် ပါဝင်ပတ်သက်သည့် ကုမ္ပဏီတချို့၏ လုပ်ဆောင်ချက်များသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများ ကျူးလွန်မှုနှင့် ဆက်နွယ်ပတ်သက်နေကြောင်းကို Amnesty အဖွဲ့၏ အထောက်အထားသက်သေများက ပြသနေသည်။

၂၀၁၅ နောက်ပိုင်း မြန်မာတွင် လေယာဉ်ဆီ ကိုင်တွယ်စီမံခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့တွင် ပတ်သက်လုပ်ကိုင်သည့် အဓိက နိုင်ငံခြားကုမ္ပဏီမှာ Puma Energy ဖြစ်ပြီး ယင်းကို အဓိကအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်စည်လုပ်ငန်းကြီး Trafigura က ပိုင်ဆိုင်သည်။ Puma Energy သည် မြန်မာတွင် ယင်း၏ လုပ်ငန်းခွဲဖြစ်သည့် Puma Energy Asia Sun (PEAS) နှင့် ဖက်စပ်လုပ်ငန်း National Energy Puma Aviation Services (NEPAS) မှတစ်ဆင့် လုပ်ငန်းလည်ပတ်လုပ်ဆောင်ခဲ့သည်။ Puma Energy ၏ အဆိုအရ ၂၀၂၁ ဖေဖေါ်ဝါရီမှ ၂၀၂၂ အောက်တိုဘာ ၅ ရက်အထိ ယင်းအနေဖြင့် လေယာဉ်ဆီ ထောက်ပံ့မှု လုပ်ငန်းကို အရပ်ဖက် ရည်ရွယ်ချက်များအဖြစ်သာ ကန့်သတ်ထားခဲ့သည်ဟု ဆိုသည်။ သို့သော် ယခု အစီရင်ခံစာက အခြားတစ်နည်းတစ်ဖုံအဖြစ် ပြသနေသည်။

လေယာဉ်ဆီ (Jet A-1) သည် အဓိကအားဖြင့် PEAS က စီမံခန့်ခွဲသော သီလဝါဆိပ်ကမ်းရှိ ဂိတ်တစ်ခုမှတစ်ဆင့် မြန်မာသို့ ဝင်ရောက်ခဲ့ကြောင်း Amnesty ၏ လေ့လာတွေ့ရှိချက်များက ပြသနေသည်။ အာဏာသိမ်းမှုအလွန် ၂၀၂၁ ဖေဖေါ်ဝါရီနှင့် ၂၀၂၂ စက်တင်ဘာလလယ်အကြားတွင် လေယာဉ်ဆီ သီးခြားပို့ကုန် ရှစ်ခုကို ထိုဂိတ်၌ ချခဲ့ကြောင်း Amnesty International က ထုတ်ဖော်သည်။

ယင်းနောက် လေယာဉ်ဆီကို PEAS သိုလှောင်စခန်းတွင် သိုလှောင်ပြီး ထိုနောက်တွင် ဆီတင်ကားဖြင့် NEPAS သိုလှောင်ရုံများနှင့် နိုင်ငံတစ်ဝန်းရှိ စစ်တပ် လေတပ်အခြေစိုက်စခန်းများသို့ ပို့ဆောင်သည်။ ၂၀၂၁ ဒီဇင်ဘာနှင့် ၂၀၂၂ ဩဂုတ်အကြား ရရှိသော ဒေတာအချက်အလက်များအရ တချို့သော NEPAS သိုလှောင်ရုံများသည် စစ်တပ် လေတပ်စခန်းများနှင့် ဆက်နွယ်ပတ်သက်နေသည့်အတွက် ယင်းသည် လေယာဉ်ဆီကို အရပ်ဖက်နှင့် စစ်ဖက် အသုံးပြုမှုတို့က ခွဲခြား၍မရအောင် ဆက်စပ်နေကြောင်းကို ပြသသည်။

 

လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှု အန္တရာယ်

မြန်မာစစ်တပ် လေယာဉ်ဆီ ရရှိစေရေးအတွက် ပံ့ပိုးဆောင်ရွက်ခြင်းအားဖြင့် Puma Energy သည် မြန်မာစစ်တပ်ကြောင့် ဖြစ်စေသည့် လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို ကူညီပံ့ပိုးနေခဲ့ကြောင်း Amnesty အဖွဲ့က ပြောသည်။

စစ်တပ်က NEPAS လေဆိပ်အဆောက်အအုံတချို့၌ လေယာဉ်ဆီကို အတင်းအကျပ် တောင်းခံနေသည် ဆိုသည့် သတင်းများကို သိရှိလာခဲ့ရကြောင်း Puma Energy ကိုယ်တိုင်က Amnesty ကို ဝန်ခံခဲ့သည်။ ထို ထွက်ပေါ်လာသည့် ဖြစ်စဉ်များကြောင့် Puma Energy က ဖော်ဆောင်ထားသည့် အထိန်းအချုပ်များနှင့်ပတ်သက်၍ NEPAS ၏ ထိန်းသိမ်းနိုင်စွမ်းအပေါ် မိမိတို့၏ ယုံကြည်မှုကို လျော့ပါးစေခဲ့သည်။

Amnesty International သည် စက်တင်ဘာ ၂၆ ရက်တွင် ဤအစီရင်ခံစာမှ သက်သေအထောက်အထားများကို Puma Energy ထံ တင်ပြခဲ့သည်။ ထို့နောက် ဆယ်ရက်အကြာတွင် ကုမ္ပဏီက ယင်းအနေဖြင့် နိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်းနှင့် မြန်မာရှိ ယင်း၏ စီးပွားရေးလုပ်ငန်းကို ရောင်းချပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

သိက္ခာရှိသော ထွက်ခွာခြင်းလား

“မြန်မာကနေ ထွက်ခွာမယ့် ပူးမားစွမ်းအင်ရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် တာဝန်သိစွာ၊ ပွင့်လင်းမြင်သာမှု ရှိစွာ အဆက်ဖြတ်ထွက်ခွာဖို့နဲ့ လေယာဉ်ဆီ အခြေခံအဆောက်အအုံကို မြန်မာစစ်တပ်လက်ထဲမှာ ထားခဲ့တာမျိုး မဖြစ်အောင် ရှောင်ဖို့ လိုအပ်တဲ့အခြေအနေမျိုးမှာ  အခုလို လုပ်ငန်းကို အမည်မဖော်ပြတဲ့ ပြည်တွင်းပိုင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဆီ ရောင်းချမယ်ဆိုတဲ့ ကြေညာချက်ကြောင့် စိုးရိမ်ပူပန်မှုအသစ်တွေကို ထွက်ပေါ်စေခဲ့တယ်” ဟု Amnesty International ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသီ မွန်ဆီ ဖာရားက ပြောသည်။

“ပူးမား စွမ်းအင်အနေနဲ့ တာဝန်သိစွာ ရုပ်သိမ်းထွက်ခွာရမှာဖြစ်သလို ထိခိုက်မှု မှန်သမျှကို ကုစားရာမှာ ပံ့ပိုးကူညီရပါလိမ့်မယ်။ သင့်လျော်တဲ့ ပေးလျော်မှု အစီအစဉ်တွေကို ရှာဖွေဖို့အတွက် တရားမဝင်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ထားခဲ့တဲ့ မြန်မာလူအစုအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးရင်းနဲ့ ဒါကို စသင့်ပါတယ်” ဟု ဖာရားက ပြောသည်။

ပူးမားကို စည်းရုံးခြင်းက အောင်မြင်သည့်ပုံပေါ်ခဲ့သည်။

“မြန်မာကနေ ထွက်ခွာမယ့် ပူးမားစွမ်းအင်ရဲ့ ဆုံးဖြတ်ချက်ကို Amnesty International အနေနဲ့ အသိအမှတ်ပြုပါတယ်။ မြန်မာစစ်တပ်ရဲ့ လက်ထဲ ရောက်သွားနိုင်တဲ့ လေယာဉ်ဆီ အထောက်အပံ့တွေနဲ့ပတ်သက်လို့ အဓိက စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို Burma Campaign UK နဲ့ Justice for Myanmar အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ကာလကြာ တိုက်ပွဲဝင်ကြိုးပမ်းမှုတစ်ရပ်နဲ့အတူ လုပ်ဆောင်ခဲ့တဲ့နောက် ဒီ ဆုံးဖြတ်ချက် ဖြစ်ပေါ်လာတာဖြစ်တယ်” ဟု Amnesty International ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသီ မွန်ဆီ ဖာရားက ပူးမားစွမ်းအင် မြန်မာမှ ထွက်ခွာသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြောသည်။

ပူးမား အောင်ပွဲ ဆိုသည်မှာ မြန်မာ၏ လူမဆန်ရက်စက်သော စစ်တပ်ကို ထောက်ကူပေးနေသည့် တရုတ်နှင့် ရုရှား အပါအဝင် နိုင်ငံများနှင့် ကုမ္ပဏီများကို ကိုယ်စားပြုသည့် ပဟေဋ္ဌိတစ်ခု၏ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်သည်ဆိုသည်က ပြောရန်ပင် လိုမည်မဟုတ်ပေ။

စစ်တပ်က ဗုံးကြဲ၊ လေယာဉ်ဖြင့် ပစ်ခတ်၊ မီးရှို့နေသည့် မြေ ဖြစ်သည့် ရွှေပြည်မြန်မာနိုင်ငံတွင် နဂါးနှင့် ဝက်ဝံ တို့သည် ခွဲထုတ်၍ မရအောင် ဆက်နွယ်ပတ်သက်နေကြသည်။ မြန်မာ့တော်လှန်ရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် စစ်တပ်ဝေဖန်ဆန့်ကျင်သူများအတွက် စစ်တပ်၏ လေယာဉ်ဆီ ဖြည့်ဆည်းရရှိမှုများအပေါ် ပစ်မှတ်ထားခြင်းက အထူးတလည် အရေးကြီးသည်။ သို့သော် အာဏာသိမ်းစစ်အုပ်စုအပေါ် အသာစီးပြန်ယူနိုင်ရေး နွေဦးတော်လှန်ရေး အင်အားစုများ၏ ကြိုးပမ်းမှုများထဲမှ တစ်ခုဖြစ်သည့် စစ်တပ်ထံ လေယာဉ်ဆီ စီးဝင်ရောက်ရှိမှုအား တားဆီးပိတ်ဆို့ရေးအတွက် ယခုထက် ပိုမို စည်းလုံးညီညွတ်သည့် အားထုတ်မှုများကို လိုအပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly