ဩဂုတ်လမှစပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ညွှန်ကြား

By 001 (မဇ္စျိမ)
26 June 2023
ဩဂုတ်လမှစပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ကျင့်သုံးရန် စစ်ကောင်စီ ညွှန်ကြား

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့်ငွေပေးချေခြင်းကို လာမည့် ဩဂုတ်လ ၁ ရက်နေ့ကစပြီး ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးထားသည်။

တရုတ်နယ်စပ် သွင်းကုန်လုပ်ငန်းများအားလုံး ဘဏ်စနစ်အသုံးပြုပြီး ငွေပေးချေဆောင်ရွက်ရမည်ဖြစ် ကြောင်း စစ်ကောင်စီလက်‌အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထား ခြင်းဖြစ်သည်။

“သွင်းကုန်သမားကျတော့ သူတို့(ပို့ကုန်သမား)ဆီကနေ ပြန်ယူရမယ့်ပုံစံပေါ့။ balance မျှအောင်လုပ် မယ့်သ‌ဘော။ သူတို့က ဒီဖက်ကနေ ထွက်သလောက်ကို ဟိုဘက်ကနေ ပြန်သွင်းရတဲ့အနေအထား။ ဒါပေမဲ့ထင်သလောက်တော့ အရမ်းကြီးမလွယ်ဘူး။ ဟိုဘက်ကတင်မယ့်ပစ္စည်းက တန်ကြေးကြီးတယ်။ ဝင်မယ့်ပမာဏကနည်းပြီး ထွက်မယ့်ပမာဏကများတော့ လိုင်စင်ခက်တော့ခက်မယ်ထင်တယ်”ဟု ဘဏ် စနစ်တွင် သွင်းကုန်သမားများအတွက်အခက်အခဲရှိနိုင်ကြောင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တဦး ကပြောသည်။

ဘဏ်စနစ်တွင် သွင်းကုန်လိုင်စင်လျှောက်မည့် ကုမ္ပဏီများအနေဖြင့် မိမိ၏ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင် ပို့ခြင်းမှရရှိသည့်ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေ ဝင်ရောက်ကြောင်း (သို့မဟုတ်) ပြည်တွင်းဘဏ်မှ ဝယ် ယူထားကြောင်း အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းကိုတင်ပြရန် စစ်ကောင်စီ၏ ကုန်သွယ် ရေးဦးစီးဌာနက ညွှန်ကြားထားသည်။

အဆိုပါ တင်ပြသည့် ပမာဏကိုစိစစ်ပြီး ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက်မကျော်လွန်ဘဲ သွင်း ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဆိုထားသည်။

ထိုကဲ့သို့ ဘဏ်စနစ်ဖြင့်ဆောင်ရွက်မှုမှာ ဩဂုတ်လ ၃၀ ရက်နေ့အထိ ကာလအတွင်း လျှောက်ထားပြီး ဖြစ်သည့် သွင်းကုန်လိုင်စင်များ အကျုံးမဝင်ကြောင်း သိရသည်။

တရုတ်နယ်စပ်၌ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် ယွမ်ငွေကိုအသုံးပြုရန် စစ်ကောင်စီ၏ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီက ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင်ဆုံးဖြတ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန ကလည်း ဘဏ်စနစ်တွင် ယွမ်ငွေကိုသာ အသုံးပြုရန် ယခု ထုတ်ပြန်ချက်တွင်ထပ်မံ အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် ဒေါ်လာအသုံးပြုမှုလျှော့ချရန် နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်ကို အဓိကထားသုံး ခိုင်းခြင်းဖြစ်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးကလည်းပြောသည်။

“ယွမ်နဲ့လိုင်စင်လျှောက်ရင် ကျမယ်။ ဒေါ်လာနဲ့ဆိုရင်တော့ လိုင်စင်လျှောက်ရင် ရဖို့မသေချာဘူး။ ဒေါ်လာနဲ့လိုင်စင်ကျရင် ဒေါ်လာနဲ့ ပြန်လွှဲပေးရတာကိုး၊ ယွမ်နဲ့လိုင်စင်ကျရင် ယွမ်နဲ့ ပြန်လွှဲပေးရတော့ သူက ဒေါ်လာကို မသုံးစေချင်တဲ့ ပုံစံနဲ့ ယွမ်ကို လုပ်ခိုင်းတဲ့‌ သဘောပေါ့”ဟု ဆိုသည်။

လက်ရှိ နယ်စပ်ကုန်သွယ်မှုတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်မှုကို ကနဦးအဆင့်အနေဖြင့် စစ်ကောင်စီက မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ကျင့်သုံးခြင်းသည် ခေတ်နောက်ပြန်ဆွဲခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးအသိုင်းအဝိုင်းက ပြောဆိုထားကြသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

#ကုန်သွယ်ရေး

#ဘဏ်စနစ်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly