ကလေးမြို့နယ်အတွင်း တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

By ပါခွီး (မဇ္ဈိမ)
26 June 2023
ကလေးမြို့နယ်အတွင်း တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော် ၊ ဂန့်ဂေါ) CDF – KKG မှ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

ကလေးမြို့နယ်တောင်ပိုင်း၊ သာစည်ရွာနှင့် ဇင်းကလင်းကျေးရွာများရှိ စစ်ကောင်စီတပ်သားများကိုလာ ရောက်ကြိုဆိုပြီး ပြန်လည်ဆုတ်ခွာလာသည့်တပ်ကို ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်သားများတင်ဆောင်လာသည့် ဖောကား လေးစီး၊ သုံးဘီးဆိုင်ကယ် တစီး၊ အိမ်ကားနှစ်စီး၊ စစ်ကားအကြီးနှစ်စီးပါသည့်ယာဉ်တန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အသင့်စောင့်ဆိုင်း ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါယာဉ်တန်းကို ထိခိုက်အောင်တိုက်နိုင်ခဲ့သော်လည်း ကလေးမြို့အတွင်းရှိ အမြောက်တပ်နှင့် ကလေးမြို့အပြင်ဖက်ရှိ စစ်ကောင်စီတပ်၏ အဖွဲ့စက်ဂိတ်တို့မှ လက်နက်ကြီးများဖြင့် တရစပ် ပစ်ကူခဲ့ ခြင်းကြောင့် ပူးပေါင်းတပ်ဖွဲ့မှာ ဆုတ်ခွာခဲ့ရကြောင်းသိရသည်။

ယင်းသို့ပြန်လည်ဆုတ်ခွာချိန်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် တဦးကျဆုံးခဲ့ ပြီး CDF – KKG မှ ရဲဘော်သုံးဦးနှင့် ကလေးမြို့ (ပကဖ) မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF – KKG နှင့်အတူ CNDF , UGF ၊ PDF – Kalay နှင့် ပကဖတို့ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုစာရင်းကို မသိရသေးကြောင်း ဆိုသည်။

ဇွန်လ ၂၁ ရက်နေ့ ညပိုင်းကလည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စံသာကျေးရွာကို ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) အနောက်ဖက်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့် ငါးနှစ်အရွယ်ကလေးငယ် တဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

#CDF-KKG

#ကလေးမြို့

#ကျဆုံး

#စစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly