မြန်မာ -အိန္ဒိယနယ်စပ်အနီး စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်းသေဆုံးဟုဆို

By ပါခွီး (မဇ္ဈိမ)
26 June 2023
မြန်မာ -အိန္ဒိယနယ်စပ်အနီး စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်းသေဆုံးဟုဆို

မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ခုနှစ်ဦးထက်မနည်းသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) PDF – Tamu တပ်ရင်း (၄) က သတင်းထုတ်ပြန်သည်။

တမူးမြို့မှ နှစ်မိုင်ခန့်အကွာရှိ မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးမှ စစ်ကောင်စီတပ်စွဲထားသော နဂါးမင်းသမီးတပ်စခန်းကို ဇွန်လ ၂၄ရက် နံနက်၅နာရီ ၁၅မိနစ်ခန့်တွင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တမူးမြို့နယ် ပန်းသာဖက်မှာ တိုက်ပွဲဖြစ်တာရက်ကြာလာပြီး အဲဒီဖက်ကို ကူညီပေးရာရောက်အောင်၊ ဒီဖက်ကလည်း စစ်မျက်နှာဖွင့်တဲ့အနေနဲ့ ဝင်တိုက်ခဲ့တာပါ” ဟု PDF – Tamu တပ်ရင်း (၄) တိုက်ခိုက်ရေးတာဝန် ခံ ဗိုလ်ခန့် က မဇ္စျိမကိုပြောသည်။

အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၅ဦးခန့်တပ်စွဲထားပြီး ၆နာရီခန့်ကြာ အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) က၏ ယနေ့ ဇွန်လ ၂၆ရက်ထုတ်ပြန်ချက်တွင်‌ ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦးနှင့် ဒုဗိုလ်တစ်ဦးအပါအဝင် ခုနှစ်ဦးသေဆုံးကြောင်း သတင်းရရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး( ကိုယ်ပိုင်အမှတ် -P 12604075) ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ အရာရှိနှင့် တပ်သားများသေဆုံးသည်ကို မျက်မြင်တွေ့ရှိခဲ့ရပြီး ၎င်းတို့၏ လက်နက်များကို ကောက်ယူရန်ကြိုးစားစဉ် ကာကွယ်ရေးရဲဘော်တစ်ဦး ကျည်ထိမှန် ကျဆုံးခဲ့ရခြင်းဟုPDF – Tamu တပ်ရင်း (၄) ကဆိုသည်။ ကျန်ရဲဘော်နှစ်ဦးမှာ လက်နက်ကြီးကျည်ဆံအစ ထိမှန်ဒဏ်ရာရခြင်းဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်းသိရသည်။

တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ကသည်းသူပုန် (Meitei UG) ၊ ရှမ်းနီတပ်ဖွဲ့(SNA) နှင့် ပျူစောထီးများက စစ်ကူပေးခဲ့သောကြောင့် ကာကွယ်ရေးရဲ‌ ဘော်များဆုတ်ခွာခဲ့ရကြောင်း PDF – Tamu တပ်ရင်း (၄) ထုတ်ပြန်ထားသည်။ မြေပြင်တိုက်ပွဲအခြေအနေကို မဇ္ဈိမအနေဖြင့် အသေးစိတ် မသိရှိရသေးပေ။ယင်းတိုက်ပွဲကို PDF – Tamu တပ်ရင်း (၄) နှင့်အတူ Special Task Force တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

နဂါးမင်းသမီးတပ်စခန်းအား တိုက်ခိုက်မှုသည် တမူးမြို့နယ် ပန်းသာကျေးရွာတိုက်ပွဲအတွက် စစ်မျက်နှာသစ်ဖွင့်ပေးခြင်းဟု ကာကွယ်ရေးရဲဘော်များကပြောထားသည်။စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် ပန်းသာရွာစခန်းကိုဇွန်လ ၁၅ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်။ ပန်းသာစခန်းအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားသလို စစ်ကောင်စီတပ် စစ်ကူလာနိုင်သည့် မြေပြင်လမ်းများကိုပါ ဖြတ်တောက်ထားသည်ဟု သိရသည်။ ထို့ကြောင့် စစ်ကောင်စီတပ်က လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေပြီး အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ ထိခိုက်မှုများကို အသေးစိတ်မသိရှိရသေးပေ။

စာတည်း - မောင်ကြီး

#mizzima

#မြန်မာ -အိန္ဒိယနယ်စပ်

#နဂါးမင်းသမီးတပ်စခန်း

#PDF–Tamu တပ်ရင်း(၄)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly