ရွေဘိုခရိုင် အမှတ်(၁)စစ်ဒေသရုံးကဖမ်းဆီးထားသည့် ကိုတောက်ထွန်းလင်း၏အမှု အမြန်ဆုံးဖြေရှင်း ပေးရန် မိသားစုဝင်များတောင်းဆို

By MTO (မဇ္ဈိမ)
26 June 2023
ရွေဘိုခရိုင် အမှတ်(၁)စစ်ဒေသရုံးကဖမ်းဆီးထားသည့် ကိုတောက်ထွန်းလင်း၏အမှု အမြန်ဆုံးဖြေရှင်း ပေးရန် မိသားစုဝင်များတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံ ရွှေဘိုခရိုင်အမှတ်(၁) စစ်ဒေသရုံးက ဖမ်ဆီးထားသည့် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုတောက်ထွန်းလင်း၏ အမှုကိစ္စနှင့်ပတ်သက်၍ NUG အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန်နှင့် မိသားစုအား တွေ့ဆုံခွင့်ပေး ရန် ဇွန်လ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်သည်။

“ အမှုကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်။ သူ့မှာအပြစ်ရှိလို့ အပြစ်ပေးမယ်ဆိုရင်လည်း လက်ခံ တယ်။ အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ကိုတောက်ထွန်းလင်း၏ အစ်မ ဖြစ်သူက ပြောသည်။

ကိုတောက်ထွန်းလင်းအား ဖမ်းဆီးထာသည်မှာ တနှစ်နှင့်နှစ်လကြာမြင်လာသည်အထိ မိသားစုဝင်များ အနေဖြင့် မည်သည့်အတွက်ကြောင့်ဖမ်းဆီးခြင်းကိုပင်မသိရဘဲ လူချင်းတွေ့ဆုံခွင့်၊ စားနပ်ရိက္ခာ ပို့ဆောင် ခွင့် လည်းမရကြောင်း ကိုတောက်ထွန်းလင်း၏ညီဖြစ်သူ ဗိုလ်ရေလှိုင်းကဆိုသည်။

“ဖမ်းဆီးခံရတဲ့အချိန်ကစပြီး အမေနဲ့ ဖုန်းလေးကြိမ်ပဲ ပြောခွင့်ရတယ်” ဟု ဗိုလ်ရေလှိုင်းက ပြောသည်။

ကိုတောက်ထွန်းလင်းအား ၂၀၂၂ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် ၁ စစ်ဒေသရုံးမှ ဆွေး နွေးစရာရှိသည်ဟုဆိုကာခေါ်ဆောင်သွားပြီးနောက် တနေရာအရောက်တွင် လူအင်အားလက်နက်အင် အား အသုံးပြုဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်း၏ညီဖြစ်သူက ပြောသည်။

“ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ နောက်ဆုံးဖုန်းပြောခွင့်ရတဲ့အချိန်မှာ သူပြောသွားတာက ဖမ်းဆီးထိန်းသိမ်းခံရ ပြီးနောက်ပိုင်း လများစွာနှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး အခုတော့ လုံခြုံစိတ်ချရတဲ့နေရာ ရောက်နေပြီ၊ ဘယ် နေရာဆိုတာတော့ မစုံစမ်းနဲ့လို့ပြောပါတယ်” ဟု ကိုတောက်ထွန်းလင်း၏ညီဖြစ်သူ ကိုပြည့်စုံအောင် ကလည်း ပြောသည်။

ကိုတောက်ထွန်းလင်း၏အမှုနှင့်ပတ်သက်၍ NUG စစ်ခုံရုံးက တစုံတရာ စစ်ဆေးခြင်းမရှိဘဲ တရားရေး အဖွဲ့အစည်း မဖွဲ့ရသေးသည့်အတွက် စောင့်ဆိုင်းပေးရန်သာ ပြောဆိုနေကြောင်း ဆိုသည်။

ကိုတောက်ထွန်းလင်းသည် စစ်အာဏာသိမ်းပြီးနောက် တန့်ဆည်မြို့နယ် သပိတ်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကာလတွင်လည်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေစဥ် ရွှေဘိုင်ခရိုင်အမှတ်(၁) စစ်ဒေသရုံး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ရွေဘိုခရိုင်

#အမှတ်(၁)စစ်ဒေသရုံး

#ကိုတောက်ထွန်းလင်း

#တန့်ဆည်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly