ငါန်းမြာရဲစခန်းကို PDF ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၆ ဦးသေဟုဆို

By 007 (မဇ္ဈိမ)
26 June 2023
ငါန်းမြာရဲစခန်းကို PDF ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၆ ဦးသေဟုဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာရဲစခန်းကို ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ များပူးပေါင်းပြီး ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ ကြောင်း Danger Force LPDF အဖွဲ့က ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။

“ ဗုံးသီး ၁၂ လုံးဖြုတ်ချနိုင်ခဲ့တယ်။ အစည်းအဝေးလုပ်နေတဲ့ စကစတွေထဲက ခြောက်ကောင် (ခြောက်ဦး) သေတယ်။ ဒဏ်ရာရတာတွေလည်း ၁၀ ဦးထက်မနည်းဘူးလို့ မြေပြင်သတင်းတွေအရ သိရတယ်။ သူတို့ ဘက်ကလည်းပြန်ပစ်တယ်။ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး ” ဟု Danger Force LPDF အဖွဲ့ သတင်း ပြန်ကြားရေးတာ၀န်ရှိသူက မဇ္စျိမကိုပြောသည်။

ဇွန်လ ၂၄ ရက်၊ နံနက် ၈ နာရီခန့်တွင် ရဲစခန်းအတွင်း အစည်းအဝေးလုပ်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ဒရုန်းသုံးစင်းဖြင့် ဗုံးသီး ၁၂ လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ငါန်းမြာရဲစခန်းသည် ကတုတ်ကျင်းအထပ်ထပ်ဖြင့် အခိုင်အမာခံစစ်ပြုလုပ်ထားသော စစ်ကောင်စီ၏ ရှေ့တန်းစခန်းတခုဖြစ်သည်။

“ အလောင်းတွေ ဆွဲထုတ်သွားတာတွေ့တယ်။ အဲဒီစခန်းက စကစရှေ့တန်းစခန်းတစ်ခုလို့ ပြောလို့ရ တယ်။ ဒီဘက်ကို စစ်ကြောင်းထိုးတော့မယ်ဆိုရင် အဲဒီစခန်းမှာ လူစုပြီးမှထွက်ကြတာ” ဟု ဒေသခံတဦး ကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို၊ Danger Force LPDF၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီတပ်ရင်း၊ ကျောက် ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၇) (Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) နှင့် ဆားတောင်မိုးကြိုး (Local PDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါရဲစခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းမည်ဆိုသော သတင်းများ ကြောင့် စစ်ကောင်စီဘက်မှ ထပ်မံအင်အားဖြည့်တင်းထားကြောင်းလည်း သိရသည်။

Danger Force LPDF အဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ဇွန်လ ၂၂ ရက်နေ့ကလည်း စစ်ကိုင်း တိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာတွင် ပျူစောထီးဦးဆောင်ပြီး အစည်းအဝေး ပြုလုပ် နေသည့် စစ်အုပ်စုကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly