အစိုးရသစ်လက်ထက် မြန်မာ-ဂျပန် ဆက်ဆံရေး ရှေ့အလားအလာ

အစိုးရသစ်လက်ထက် မြန်မာ-ဂျပန် ဆက်ဆံရေး ရှေ့အလားအလာ

ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီကဦးဆောင်သော အစိုးရသစ်က အာဏာလွှဲပြောင်းရယူခဲ့ပြီးသည့်နောက်တွင် မြန်မာ-ဂျပန်ဆက်ဆံရေးမှာ လမ်းဆုံ၊လမ်းခွ တစ်ရပ်သို့ ရောက်ရှိလာခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်းပထမဆုံးအရပ်သားသမ္မတဖြစ်လာသည့် ဦးထင်ကျော်က သမ္မတအဖြစ်တာ ဝန်ယူလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၄ ခုကိုတာဝန်ယူလိုက်သည်။ ထို့ပြင် အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်ပိတ်ပင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်လမ်းညွှန်မှုများပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း ရှင်းရှင်းလင်းလင်း ပြောကြား ထားသေးသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်   မြန်မာ - ဂျပန် နှစ်နိုင်ငံဆက်ဆံရေးကိုမည်ကဲ့သို့ ရှေ့ဆက်ရန် ရည်ရွယ်ထားသည်ဆိုသည်ကိုမူ ထိုမျှလောက်ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးချေ။ ဝန်ကြီး ချုပ်ရှင်ဇိုအာဘေး ဦးဆောင် သည့် ဂျပန်အစိုးရသည် ယခုသက်တမ်းပြည့်သွားပြီဖြစ်သည့် မြန်မာသမ္မတ ဦးသိန်းစိန် အစိုးရနှင့် ခိုင်မာသည့်ဆက်ဆံရေး တစ်ရပ် ထူထောင်ခဲ့ခြင်းနှင့်အတူ မြန်မာနိုင်ငံ အတွက် ပြည်ပ အကူအညီများပေးရာတွင်နှင့် ရင်းနှီးမြုပ်နှံမှုများလုပ်ဆောင် ရာတွင် ဂျပန်နိုင်ငံက ရှေ့တန်းမှရှိခဲ့သည်။

၂၀၁၁ ခုနှစ်တွင်    ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသည့် ဂျပန်ကုမ္ပဏီ အရေအတွက်မှာ ၆ ဆခန့်အထိမြင့်တက်ခဲ့ကာ လုပ်ငန်းပေါင်း ၃၀၀ နီးပါးသို့ ပင်ရောက်ရှိသွားခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့အနီးရှိ သီလဝါအထူးစီးပွားရေးဇုန်ကို ဖွင့်လှစ်ခဲ့ရာ ဂျပန်နှင့် အခြားနိုင်ငံခြားကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံသို့ ဝင်ရောက် ခဲ့သည်။ ထို့ပြင် ဒေါ်အောင် ဆန်းစုကြည်၏တောင်းဆိုမှုအရ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ယန်း ၁၀၀ ဘီလျံချေးငွေနှင့် အခြေခံအဆောက်အဦများ ဖော်ဆောင်ရာတွင် အကူအညီများပေး အပ်သွားရန်လည်း စဉ်းစားချင့်ချိန်လျှက်ရှိနေသည်။

ထို့ပြင် ၁၉၈၅-၈၆ က ကျိုတိုတက္ကသိုလ်၏ အရှေ့တောင်အာရှရေးရာလေ့လာရေးစင်တာသို့ ဧည့်သည်တော် အဖြစ် လာရောက်ခဲ့ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဂျပန်ကုမ္ပဏီများ ကလည်း မျှော်လင့်ချက်မြင့်မြင့်မားမားထားရှိ လျှက်ရှိသည်။

ဂျပန်ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများက သဘာဝပတ်ဝန်းကျင်နှင့် အလုပ်အကိုင်အခွင့်အလမ်း အရ မြန်မာပြည်သူများအတွက် အကျိုးပြုနိုင်ရမည်ဟူသော NLD ၏ မူဝါဒနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်လိမ့် မည်ဟု အာဆီယံ-ဂျပန်စင်တာမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သော ဆာယာကာဟီရို့စ်က ပြောကြားသည်။ သို့သော် လည်း လက်တလောတွင် NLD က ကောင်းမွန် ရှင်းလင်းစွာရေးဆွဲထားသည့် မူဝါဒအစီအမံများမရှိသေးရာ အထက် တွင်ဖော်ပြထားသည့် ၎င်း၏ယေဘူယျဆန်သည့် မူဝါဒက နိုင်ငံခြားကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲရာ၌ ရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်လျှက်ရှိပြီး အစိုးရအဖွဲ့ပိုင်းက ပြောင်းလဲမှုများ လုပ်ဆောင်ရန် အချိန်ယူရဦးမည့်သဘောလည်း ရှိနေသည်။

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံသို့ ဂျပန်ကုမ္ပဏီများပိုမိုဝင်ရောက်ကြမည်မှာမှန်သော်လည်း အခြေအနေ စောင့်ကြည့်ဦးမည့် ကုမ္ပဏီများလည်းရှိနေဦးမည်ဟု ဂျပန်ပြင်ပကုန်သွယ်ရေးအဖွဲ့ မှ တိုရှီဟီရိုမီဇူတန်နီက ပြောကြား သည်။ NLD အပေါ် စစ်တပ်ကမည်မျှထိလိုက်လျောမှုရှိမည်နည်းဆိုသည်မှာလည်း ကျန်ရှိနေသေးသည့် စိန်ခေါ်မှုကြီးများထဲမှ တစ်ရပ်ဖြစ်လျှက်ရှိသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာစစ်တပ်နှင့်ဆက်နွယ်မှုရှိသည့် လုပ်ငန်းများအပေါ် ပိတ်ဆို့မှုများ ဆက်လက် ချမှတ်ထား ဆဲဖြစ်ပြီး ထိုအချက်က အမေရိကန်ပြည်ထောင်စုနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက် မှုရှိနေသည့်ကုမ္ပဏီများအတွက် မည်သို့မျှ ကျော်ဖြတ်၍မရသည့် အခက်အခဲတစ်ရပ်ဖြစ်လျှက် ရှိသည်။ အမေရိကန်အစိုးရအနေဖြင့် ပိတ်ဆို့မှုများကို ဆက်လက် ထိန်းသိမ်းထားပြီး မြန်မာစစ်တပ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်၍သာတဖြည်းဖြည်းချင်း ဖြေလျှော့ သွားဖွယ် ရှိနေသည်။ ရင်းနှီးမြုပ်နှံမှုမဟုတ်သည့် အခြားကဏ္ဍများတွင်မူ ဂျပန်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးစင်တာ နှင့်ပတ်သတ်ပြီး NLD ၏ဝေဖန်မှုများနှင့် ရင်ဆိုင်ထားရသည်။

ဂျပန်နိုင်ငံသည် မြန်မာအစိုးရဟောင်းကျောက်ထောက်နောက်ခံပေးခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၏ အဓိကအလှူရှင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီး အကျိုးအမြတ်မရှာဖွေသည့် ဂျပန်အဖွဲ့အစည်းတစ်ခုဖြစ် သည့် နိပွန်ဖောင် ဒေးရှင်းက မြန်မာ့ငြိမ်းချမ်းရေးစင်တာ ဘဏ္ဍာရေးပိုင်းတွင်အဓိကနေရာမှ ပါဝင်လုပ်ဆောင်ခဲ့သည်။ ယခင်အစိုးရ လက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက်ညှိနှိုင်းသည့် လုပ်ဆောင် ပုံနည်းလမ်းများကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ထားသလို NLD ၏အရေးပါသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးဝင်းသိန်းကလည်း မြန်မာ့ငြိမ်းချမ်းရေးစင်တာကို အလွဲသုံးစားမှုများရှိနေသည်ဟုစွပ်စွဲကာ ယင်းအဖွဲ့အစည်းသို့ နိုင်ငံခြားငွေဝင်ရောက်နေမှု များကို စာရင်းစစ်လိုသည်ဟု ပြောကြားဖူးကြောင်း ဆစ်ဒနေရှိ လိုဝီအင်စတီကျုမှ အရှေ့တောင်အာရှရေးရာများကို အထူးပြုလေ့လာနေသူ အာရွန်၊ အယ်လ်၊ ကော်နယ်လီ ကပြောကြားသည်။

ဂျပန်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးစင်တာမှတဆင့် မြန်မာ့နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးနိုင်အောင် ကြိုးပမ်းနေ သည်ဟူသော ထင်မြင်သုံးသပ်နေသူများ NLD ပါတီတွင်ရှိနေရာ ထိုပုစ္ဆာများကို NLD ကမည်ကဲ့သို့ ဆက်လက် ကိုင်တွယ်သွားမည် ဆိုသည်က မြန်မာ- ဂျပန် နှစ်နိုင်ငံဆက်ဆံရေးတွင် ကြီးမားသည့်သက်ရောက်မှုများ ရှိလာလိမ့် မည်ဟုလည်း ကော်နယ်လီ က ပြောကြားသည်။

(Jesse Johnson နှင့် Ayako Mie တို့ရေးသားသည့် New Myanmar government brings challenges for Tokyo ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly