ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီလက်နက်ကြီးကုန်းနှင့် တပ်ရင်းများတိုက်ခိုက်ခံရ ၊ ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

By သွင်ထူးဈာန် (မဇ္ဈိမ)
26 June 2023
ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီလက်နက်ကြီးကုန်းနှင့် တပ်ရင်းများတိုက်ခိုက်ခံရ ၊ ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးကုန်းနှင့် တပ်ရင်းများတိုက်ခိုက်ခံရ၍ ရှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျားဖြူစစ် ကြောင်းမှ သိရသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်နက်ကြီးများ တပ်ဆင်ထားသည့် ဗောဓိကုန်း (လက်နက် ကြီးကုန်း)ကို ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ပွဲတော် ဦးဆောင်ကာ ကျားဖြူတပ်ရင်းရုံး ကာကွယ်ရေးတပ်ခွဲ(Southern Eagle-PDF)၊ ကျားဖြူတပ်ခွဲ(၄)နှင့် ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF)တို့ ပူးပေါင်းကာ ၆၀ မမဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ  ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျားဖြူစစ်ကြောင်းမှ ဗိုလ်ပွဲတော်ဦးဆောင်ကာ ကော့ကရိတ်မြို့ ခလရ(၉၇)တပ်ရင်းကို ၆၀ မမဖြင့်ပစ်ခတ်ခဲ့ရာ ဝန်ထမ်းလိုင်းခန်းအတွင်း ကျရောက် ပေါက်ကွဲကာ ငါးဦးသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခုလိုကျနော်တို့ တိုက်ခိုက်နိုင်တာဟာ PDF အောက်ခြေရဲဘော်တွေရဲ့ ကြိုးစားမှု၊ ကတိသစ္စာတည်မှု ကြောင့်ပါ။ MOD ဆီကသာ ကွပ်ကဲမှုပိုကောင်းခဲ့ရင် ဒီထက်ပိုလုပ်နိုင်လိမ့်မယ်” ဟု ကျားဖြူတပ်ခွဲ(၅) (Justice Soldier-PDF)တပ်ခွဲမှူးကိုဇွဲက ပြောသည်။

ကော့ကရိတ်နယ်မြေတွင် ကျားဖြူစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တို့က စစ်ကောင်စီ၏ တပ်ရင်းများ ၊ စခန်းကုန်းများနှင့် တပ်စခန်းများ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly