အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်မှစကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

By မဇ္ဈိမ 
26 June 2023
အပစ်ရပ် ၅ ဖွဲ့နှင့် စစ်ကောင်စီတို့ ဇွန်လ(၂၆)ရက်မှစကာ (၃)ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO) ၅ ဖွဲ့နဲ့ စစ်ကောင်စီတို့ ဇွန်လ (၂၆)ရက်မှစကာ  (၃)ရက်ကြာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့  ဖိတ်ခေါ်ချက်အရ NCA လက်မှတ်ရေးထိုးထားတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ -PPST အဖွဲ့ဝင် အပစ်ရပ် ငါးဖွဲ့တို့ နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ် ၅ ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ အတူတူတက်ရောက်ဖို့ ရှိနေတာပါ။

ဒီဆွေးနွေးပွဲမှာ  အပစ်ရပ် ၅ ဖွဲ့က အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်း တစ်ရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်နိုင်ရေး၊ ဖက်ဒရယ်အခြေခံမူကိစ္စတွေ၊ အရပ် သားတွေကာကွယ်ပေးရေးဆိုင်ရာကိစ္စတွေကို တင်ပြဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly