မုံရွာမြို့တွင် မီးရှို့နေသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

By ပါခွီး (မဇ္စျိမ)
25 June 2023
မုံရွာမြို့တွင် မီးရှို့နေသည့် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့  ၊ ညောင်ပင်စောက်ရပ်ကွက်ရှိ လူနေအိမ်နှင့် ကွမ်းခြံများကို ဝင်ရောက်မီးရှို့နေသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း Area 71 PDF Monywa ထံက သိရသည်။

ယမန်နေ့ ဇွန်လ ၂၄ရက် ညနေ ၅နာရီအချိန်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ  စစ်ကောင်စီတပ်သား ကားနှစ်စီးအပြည့် နှင့် ပျူစောထီး ပူးပေါင်း အင်အား ၆၀ ခန့်သည် အပြစ်မဲ့ ပြည်သူနေအိမ်အချို့နှင့် ကွမ်းခြံများကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ယမန်နေ့ ည ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့်နေရာသို့ လက်လုပ် တာဝေးပစ် ၆၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကွမ်းခြံကတော့ ခုနစ်ခြံ ၊ ရှစ် ခြံလောက်မီးရှို့ခံရတယ် ။ လူနေအိမ်တွေကတော့ မီးခိုးပဲမြင် ရတယ် ။ ခွေး(စစ်ကောင်စီတပ်) ရှိနေတုန်းဆိုတော့ အတိအကျမသိရသေးဘူး” ဟု Area 71 PDF Monywa တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် ပြည်သူလူထုကို ကြောက်လန့်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းနှင့် ယနေ့ ဇွန်လ ၂၅ရက်အထိ တပ်စွဲထားလျက်ရှိကြောင်းဆိုသည်။

စစ်ကောင်စီတပ်များ ဆက်လက်တပ်စွဲထားပြီး ကင်းပုန်းများ ရှိနေသဖြင့် လူနေအိမ်ပျက်စီးဆုံးရှုံးမှုကို မသိရှိသေးကြောင်းနှင့် ဒေသခံများ တိမ်းရှောင် နေရကြောင်း တာဝန်ရှိသူကဆက်ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ထိခိုက်မှုမသိရှိရသော်လည်း ၎င်းတို့ဘက်မှ ၄၀မမ များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်းသိရသည်။
အဆိုပါပစ်ခတ်မှုကို Area 71 PDF Monywa နှင့်အတူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံ ရေးအဖွဲ့ (ပလဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly