ကျောက်တံခါးမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးသေဆုံး 

By YT  (မဇ္ဈိမ)
25 June 2023
ကျောက်တံခါးမြို့နယ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၄ ဦးသေဆုံး 

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ငါးဖယ်အင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲမှုကြောင့် ဒေသခံလေးဦး သေဆုံးသွားကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၃) သတင်းရင်းမြစ်ထံက သိရသည်။ 

"လက်နက်ကြီးကျည်က ငါးဖယ်အင်း ရွာက ဘောလုံးကွင်းထဲကို ကျရောက်ပေါက်ကွဲတာ ဘောလုံးကန်နေတဲ့သူတွေ ထိသွားတယ်" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ပြောသည်။ 

အဆိုပါ ဘောလုံးကွင်းအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ဘောလုံးကန်နေသည့် အသက်(၃၀)အရွယ် စောသာဂဒိုးနှင့် အသက် (၂၇)နှစ်အရွယ် စောမုဒီတို့ နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းက ပြောသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် သမင်အင်းကုန်းရွာ အရှေ့ပိုင်း စာသင်ကျောင်း အနီးရှိ လူနေအိမ်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆက်ပြောသည်။ 

"ပိန်းဇလုတ်အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းကနေ ညနေ ၄နာရီခွဲလောက်အချိန်ကနေ  စပစ်တာပါ။ လက်နက်ကြီးတွေနဲ့ ပစ်တာပါ" ဟု တပ်မဟာ (၃) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။ 

ယမန်နေ့ ဇွန်လ ၂၄ ရက် ညနေ ၄ နာရီ ၃၂ မိနစ်ခန့်မှစတင်၍ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ (၂၆၄)နှင့် ကျောက်တံခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည် ၁၀ လုံးထက်မနည်း ကျောက်တံခါးမြို့နယ်ဘက်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ဇွန်လ ၂၄ ရက်တွင် တပ်မဟာ (၃) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခြင်းသာဖြစ်ကြောင်း တပ်မဟာ (၃) KNLA သတင်းရင်းမြစ်က ဆိုသည်။ 

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ငါးဖယ်အင်းကျေးရွာနှင့် သမင်အင်းကုန်းကျေးရွာအုပ်စုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၆၀) နှင့် နတ်သံကွင်းအပြင်ဘက်ရှိ စစ်ကောင်စီဂိတ်တို့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ကြီးမြို့နယ်၊ ဝါးပင်စုကျေးရွာနှင့် တောကြောင်ပေါက်ကျေးရွာမှ သံဃာတစ်ပါးနှင့် အသက် ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required