ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားများ၏ငွေကြေးများကို ထောင်ဝန်ထမ်းများ အလွဲသုံးစား ပြုလုပ်

By ကိုရွှေမြိတ် မဲဆောက်(မဇ္ဈိမ)
25 June 2023
ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားများ၏ငွေကြေးများကို ထောင်ဝန်ထမ်းများ အလွဲသုံးစား ပြုလုပ်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်သားများ၏ ငွေကြေး များကို ထောင်ဝန်ထမ်းများက အလွဲသုံးစားပြုလုပ်နေကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (DPPN) ထံမှ သိရ သည်။

အကျဉ်းသူ၊ အကျဉ်းသားများ၏ အပ်ငွေ ကျပ်သိန်း ၂၀ ကို ထားဝယ်အကျဉ်းထောင်မှ အမှတ်(၂) အိပ် ဆောင်မှူးနှင့် ထောင်တံခါးကြီးတာဝန်ခံဖြစ်သူ ဦးဇော်ဇော်ထက်က ထောင်စျေးဘားတွင် စာရင်းအပြည့် သွင်းပေးခြင်းမရှိဘဲ ငွေစာရင်းများကို လိမ်လည်ထားသည်ဟု အကျဉ်းသားမိသားစုဝင်များနှင့် ထားဝယ် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) တို့ထံမှ သိရသည်။

ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)မှ တာဝန်ရှိသူတဦးက “အဲဒါတော့ အရင်ကတည်းက ရှိတာပါ။ အရင်ကတော့ ၁၀ ယောက်မှာ တစ်ယောက်လောက်ပါပဲ။ အခုနှစ်မှာမှ လူတိုင်းလိုလိုအပေါ် လုပ်လာတယ်။ အစကတော့ ၅၀,၀၀၀ မှာ ၁၀,၀၀၀ လောက်ပဲဖြတ်တော့ အိမ်ကသွင်းမရမှာစိုးလို့ မပြော ကြတာ အခုကျတော့ စိတ်တိုင်းကျလုပ်နေကြတာ။ တချို့ဆို လုံးဝမရတဲ့သူတွေလည်း ရှိတယ်”ဟု ပြော သည်။

ယင်းငွေများသည် မိသားစုဝင်များက အကျဥ်းသူ/သားများက ထောင်တွင်းသက်သာဆိုင်မှ ရောင်းချပေး သည့် စျေးဝယ်ယူခြင်းနှင့် မုန့်ပဲသရေစာမှာယူခြင်းအတွက် ထောင်မှသတ်မှတ်ထားသည့် နည်းလမ်းများ အတိုင်း ငွေပေးသွင်းထားခြင်း ဖြစ်သည်။

ထားဝယ်အကျဉ်းထောင်တံခါးကြီးတာဝန်ခံ ဦးဇော်ဇော်ထက်က အကျဥ်းသားအပ်ငွေအဖြစ် ကျပ် ၅၀,၀၀၀ အပ်လျင် ထောင်စျေးဘားစာရင်း၌ ကျပ်၁၀,၀၀၀ ၊ ကျပ်၂၀,၀၀၀ စသည်ဖြင့် စာရင်းသွင်းပြီး ကျန်ငွေများကို အလွဲသုံးစားပြုလုပ်ထားခြင်းဖြစ်ကြောင်း DPPN က တာဝန်ရှိသူက ပြောသည်။

“အမှန်ဆိုရင် ထောင်စျေးဘားမှာ အပ်တဲ့ငွေတွေက ထောင်အာဏာပိုင်တွေကပဲ ကိုင်ထားတော့ အိမ်က ဘယ်လောက်ပေးတယ်ဆိုတာ ကျွန်တော်တို့ တိတိကျကျမသိရဘူး စာတွေလာမှပဲသိရတာ”ဟု ထားဝယ် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

အကျဥ်းသားများ၏အပ်ငွေများကို အလွဲသုံးစားလုပ်နေသည့် ထောင်အရာရှိ ဇော်ဇော်ထက်ဆိုသူမှာ နိုင်ငံ ရေးအကျဥ်းသားများအပေါ် ပြင်းပြင်း ထန်ထန်ဖိနှိပ်လေ့ရှိပြီး မကြာခဏ ကိုယ်ထိလက်ရောက်ရိုက်နှက် ကျူးလွန်နေသူဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)ထံမှ သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly