အိန္ဒိယတွင် ဆောက်လုပ်ဆဲ မိုးပျံလမ်း ပြိုကျ၍ လူဆယ်ဦး သေဆုံး

အိန္ဒိယတွင် ဆောက်လုပ်ဆဲ မိုးပျံလမ်း ပြိုကျ၍ လူဆယ်ဦး သေဆုံး

နယူးဒေလီ၊ မတ် ၃၁ ။       ။ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် ဆောက်လုပ်ဆဲ မိုးပျံလမ်း ပြိုကျမှုဖြစ်ကာ အနည်းဆုံး လူ ဆယ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်။

လမ်းသွားလမ်းလာများသည့် နေရာတွင် ပြိုကျခြင်းဖြစ်ပြီး ကွန်ဂရစ်တုံးများ၊ စတီးလက်ရန်းတိုင်တံများအောက် ပိတ်မိနေနိုင်သူ အများအပြားရှိနိုင်သည်။

အိန္ဒိယနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၌ အစစ်အဆေးနည်းပါးခြင်း၊ ကုန်ကြမ်းသုံးစွဲမှု ချွေတာခြင်း စသည့်အချက်များကြောင့် လုံခြုံဘေးကင်းရေးက ပြဿနာတစ်ရပ်ဖြစ်နေသည်။

ယခုမိုးပျံလမ်းပြိုကျမှုမှာ လူစည်ကားရာ ဂီရစ်ပန်းခြံနားတွင် ဖြစ်ပွားခြင်းဖြစ်သည်။ ယခု မိုးပျံလမ်းမှာ ၂၀၀၉ ခုနှစ်ကတည်းက စတည်ဆောက်နေခြင်းဖြစ်ပြီး အပြီးသတ်ရက် ခဏခဏ ပျက်ကာ ကြန့်ကြာပြီး ယခုအထိ တည်ဆောက်ဆဲ အဆင့်မှာပင် ရှိနေဆဲဖြစ်သည့် မိုးပျံလမ်းဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ပြိုကျမှုကြောင့် ဖြတ်သွားဖြတ်လာများ၊ ကားများ၊ လော်ရီကားများနှင့် အနီးအနား အဆောက်အအုံများပါ ထိခိုက်ခဲ့သည်။ ထိုမိုးပျံလမ်းအောက်တွင်လည်း ယာယီတဲထိုးပြီး နေကြသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

"တကယ်ခြောက်ခြားစရာ အသံကြီးနဲ့ အတူ ဒီမိုးပျံလမ်းက ပြိုကျလာတာပဲဖြစ်တယ်။ တံတားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မိုးပျံလမ်းအပိုင်း ပြိုကျတာပါ။"ဟု မျက်မြင်တစ်ဦးက ပြောသည်။

ဒဏ်ရာရသူပေါင်း ၆၀ ကျော်ထက်မနည်းရှိရာ အနီးနားရှိ ဆေးရုံများသို့ တင်ပို့ပေးထားပြီး တစ်ချို့က စိုးရိမ်ရသည့် အခြေအနေရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly