ငွေလွှဲလုပ်ငန်း ဆောင်ရွက်သူ ၅၁ ဦးနှင့် ကုမ္ပဏီ ၁ ခုကို စစ်ကောင်စီ အရေးယူ

By 001 (မဇ္စျိမ)
25 June 2023
ငွေလွှဲလုပ်ငန်း ဆောင်ရွက်သူ ၅၁ ဦးနှင့် ကုမ္ပဏီ ၁ ခုကို စစ်ကောင်စီ အရေးယူ

ငွေလွှဲလုပ်ငန်းဆောင်ရွက်သူ ၅၁ ဦးနှင့် ကုမ္ပဏီတစ်ခုကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ထားသည်။

အဆိုပါ လူပုဂ္ဂိုလ်များအနေဖြင့် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် မရှိဘဲ ငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားများကို စစ်ဆေးတွေ့ရှိကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ဆိုထားသည်။

ယခုဇွန်လအတွင်းက ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အထက်ပါအတိုင်း စိစစ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး ဖမ်းဆီးခံထားသူများ၏ နာမည်အပါအဝင် အသေးစိတ်အချက်အလက်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီကမူ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားခြင်း၊ တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်း၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများကို ဆက်လက်ရှာဖွေဖော်ထုတ်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ဆက်စပ်ပြဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ခြိမ်းခြောက်ထားသည်။

စစ်ကောင်စီ၏ ဖမ်းဆီးစစ်ဆေးနေမှုအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလုပ်ငန်းအချို့ကို မဇ္စျိမက ဆက်သွယ်ခဲ့ရာ အရောင်းအဝယ်ရပ်နားထားကြောင်းသာ ပြန်လည်ဖြေဆိုသည်။

အမေရိကန်က စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုနောက်ပိုင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်များကို အွန်လိုင်းဖြင့် ဗဟိုဘဏ်သို့တင်ပြရောင်းဝယ်ရန် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များကို စစ်ကောင်စီက ညွှန်ကြားထားသည်။

ထိုအွန်လိုင်းအစီစဉ်တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဦးဆောင်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၉၂၀/ ၂၉၂၂ ဖြင့် ရောင်းဝယ်ပေးနေပြီး အခြားနေရာများတွင်ဖော်ပြနေသည့်ငွေလဲလှယ်နှုန်းများမှာ တရားမဝင်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima

#ငွေလွှဲလုပ်ငန်း

#အရေးယူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly