ပေါင်းတည်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံး

By ရွှေနွယ် (မဇ္ဈိမ)
25 June 2023
ပေါင်းတည်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ဇွန်လ ၂၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးသွားသည်ဟု ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ပေါင်းတည်မြို့နယ် သိမ်ကုန်းရွာအထိုင်စခန်းမှ ရွှေလေးကြိုးဝိုင်းဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြား ဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ သရက်ချဉ်ရိုးနားမှာ ဖြတ်တိုက်ခဲ့တာပါ။ တိုက်ပွဲကြာချိန် ၁၅ မိနစ်နဲ့ မိနစ် ၂၀ ကြား ရှိပါ တယ်။ စစ်ကောင်စီတပ်က တဦးသေ တဦးပြင်းထန်ဒဏ်ရာရတယ်ဆိုပေမယ့် အခြားပွန်းပဲ့ရှပ်ထိ ဒဏ်ရာ ရတွေက ငါးဦးလောက် ရှိတာကိုတွေ့ရပါတယ်” ဟု PPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်သောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက် မရှိဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးစစ်သားရုပ်အလောင်းအား နေရာတွင်ပင် မီးရှို့ခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူကို စောင်ပုခက်ဖြင့်ထမ်းကာ သစ်ပုတ်ပင်တာဝါတိုင်စခန်းသို့ ပြန်သယ် သွားသည်ကိုတွေ့ရသည်ဟု PPDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထို့ပြင် စစ်ကြောင်းပြန်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အနီးအနားရှိ ယာတဲ သုံးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းကဆိုသည်။လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် သစ်ပုတ်ပင်ရွာအနီးရှိ ကျွန်းပင်ဘုရွာသို့ ရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) တပ်ရင်းအဖွဲ့(၂) လင်းယုန်စစ်ကြောင်းနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)တပ်ရင်း တပ်ခွဲ(၂)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခု ဇွန်လအတွင်း ပေါင်းတည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုနှင့် အလစ်အငိုက်ပစ်ခတ်မှု ခြောက်ကြိမ်ပြုလုပ်ထားပြီး အဆိုပါပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ ငါးဦးသေဆုံးထားပြီးဖြစ်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ သတင်းပြန်ကြားရေး၏ ထုတ်ပြန်ချက်များနှင့် PPDF တပ်ဖွဲ့၏ သတင်းပေးပို့မှုများအရ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#ပဲခူးတိုင်း
#ပေါင်းတည်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly