ဖားဆောင်းတွင် နယ်ခြားစောင့် ကင်းစခန်း ၃ ခုကို  တိုက်ခိုက်၊  စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်  ၂၀ ဝန်းကျင်သေဆုံး

By YT  (မဇ္ဈိမ)
24 June 2023
ဖားဆောင်းတွင် နယ်ခြားစောင့် ကင်းစခန်း ၃ ခုကို  တိုက်ခိုက်၊  စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်  ၂၀ ဝန်းကျင်သေဆုံး

ထိုင်း - မြန်မာ နယ်စပ် ကရင်နီပြည်နယ်၊  ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) ၏ ကင်းစခန်း သုံးခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း 
 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံနှင့် ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ 

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့မှစ၍  ဖားဆောင်းမြို့နယ်၊ ကွက်သစ်တောင်ပေါ်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၃၄)၊ ခလရ (၁၃၅) ကင်းစခန်းများနှင့် ပတောင် (ဖားဆောင်း) အခြေစိုက် BGF တပ်ရင်းဗျူဟာကုန်းတို့အား ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ခုခံကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက အင်အား ၃၀၀ ကျော်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ စစ်ကောင်စီနှင့် BGF ကင်းစခန်း အသီးသီးတွင်  စစ်ကောင်စီ အင်အား ၅၀ ကျော်အထိုင်ချလျက်ရှိပြီး  နှစ်ဖက် ပစ်ခတ်မှုများသည် ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့အထိ ပြင်းထန်ခဲ့ကြောင်း သိရသည်။ 

"  ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။ သူတို့ဘက်က ၂၀ လောက်ကျတယ်။ ကိုယ်တွေဘက်က ဒဏ်ရာရတဲ့သူရှိပေမယ့် ကျဆုံးသူမရှိသေးဘူး" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံက မဇ္ဈိမကိုပြောသည်။

 တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုကိုပါ အသုံးပြုခဲ့‌ပြီး ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများဘက်တွင်လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖားဆောင်းမြို့နယ်၊ ကွက်သစ်တောင်ပေါ်၊ ပတောင်ဒေသ အနီးတစ်ဝိုက်မှ ဒေသခံများသည် ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်ဘက်သို့  ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။ 

" တိုက်ပွဲတွေ အများကြီးဖြစ်နေကြတာ။ ဒေသခံတွေလည်း မယ့်ဟောင်ဆောင်ဘက်ကို တိမ်းရှောင်နေတာရှိတယ်" ဟု ဆိုသည်။ 

ကရင်နီပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများအနေဖြင့် ၎င်းတို့ တိုက်ခိုက်နိုင်ခြေရှိသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း ထိုစခန်းများအား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ပြန်လည်ကြိုးစားလာနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံက ဆိုသည်။ 

"ကရင်နီ တပ်ပေါင်းစုရဲ့စစ်ရေး ရည်မှန်ချက်ကလည်း အတွင်းပိုင်းမြို့တွေကို စကစတပ်တွေ ဖိတိုက်နေတဲ့အချိန် ကိုယ်အတွက် နိုင်ခြေရှိမယ့် စခန်းတွေကို တက်သိမ်းပြတဲ့ အနေအထားပါ။စစ်ကောင်စီကလည်း ပြန်သိမ်းဖို့ လုပ်မှာပါ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံက ဆက်လက်ပြောဆိုသည်။ 

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ကလည်း ဖားဆောင်းမြို့နယ်အခြေစိုက် ခလရ (၁၃၄) နှင့် (၁၃၅) စခန်းတို့အား ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သေးပြီး အဆိုပါတိုက်ခိုက်မှုအတွင်း  စစ်ကောင်စီ တပ်ကြပ်ကြီး အောင်ချမ်းငြိမ်းအပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

စာတည်း ။ ။အောင်ကျော်ဖြိုး
#Mizzima
#ဖားဆောင်းမြို့နယ်
#BGF
#၂၀ ဝန်းကျင် သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly