ဖားဆောင်းမြို့ တိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး၊ တော်လှန်ရေးအင်အားစုဘက်က ၆ ဦး ဒဏ်ရာရ

By ကိုဇာနည် (မဇ္စျိမ)
24 June 2023
ဖားဆောင်းမြို့ တိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး၊ တော်လှန်ရေးအင်အားစုဘက်က ၆ ဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်း သံလွင်တံတားထိပ်အနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးသွားကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

သံလွင်အရှေ့ဖက်ကမ်း သံလွင်တံတားထိပ်က တောင်ယာခင်းများတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၁ နေ့က နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်းတွင်  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးသကဲ့သို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း  ခြောက်ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုများနေသည့် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ လေးကြိမ် လုပ်ဆောင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

အလားတူ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်၏ မြေပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားဆောင်းမြို့ပေါ် တောင်ပိုင်းရပ်ကွက်တွင် ကျရောက်ပေါက်ကွဲရာ သိမ်ကျောင်း ဘုန်းကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော်ဘုန်းကြီး တစ်ပါးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲသည် ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး ဖားဆောင်း PDF နှင့်အတူ ဘောလခဲ PDF၊ လွိုင်ကော်PDF၊ ERO အဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့ခြင်း ဖြစ်သည်။ 

တိုက်ပွဲအတွင်းမှာ Falcon Win တပ်ဖွဲ့နှင့် ဘောလခဲခရိုင်ဗျူဟာ Drone တပ်ဖွဲ့တို့ကလည်း ပူးပေါင်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဖားဆောင်းမြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိလည်း အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီလက်အောက်ခံ တပ်မ (၄၄) တပ်ဖွဲ့ နှင့် ကရင်နီပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ယင်းနောက် နှစ်ဘက်စစ်ရေးတင်းမာကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

စာတည်း။   ။ နောင်နောင်
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly