လောက်ကိုင်မြို့တွင်  ပြည်သူ့စစ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ တို့ပစ်ခတ်မှုဖြစ်ပွား

By ဂျူချန်း (မဇ္ဈိမ)
24 June 2023
လောက်ကိုင်မြို့တွင်  ပြည်သူ့စစ်အဖွဲ့နှင့် ရဲတပ်ဖွဲ့ တို့ပစ်ခတ်မှုဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ လူစည်ကားရာ နေရာတွင်  ယမန်နေ့ ဇွန်လ ၂၃ ရက် ည ၈ နာရီခွဲအချိန်၌ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်တို့  အချင်းချင်း စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း အမျိုးသားတစ်ဦးနေရာတွင် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

“လူငယ်ချင်းငြိ(စကားများ)ကြတာက စတယ်၊ ဘာကြောင့်ငြိ(စကားများ)သလဲတော့ မသိရပါဘူး။  ကောင်လေးတစ်ယောက်ကို ရဲဝတ်စုံနဲ့ ငါးယောက်လောက် ဝိုင်းထိုးကြတယ်။ အဲ့ဒါနဲ့ အထိုးခံရတဲ့ကောင်လေးက သူ့အဖွဲ့ခေါ်လာပြီး ပစ်တယ်။ အဲ့ဒီလူငယ်ကလည်း ပြည်သူ့စစ်အဖွဲ့ကပဲ။ အချင်းချင်းရန်ဖြစ်ပြီး ပစ်ကြတာ” ဟု လောက်ကိုင်တွင် နေထိုင်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ ည ၈ နာရီခွဲမှ ၉ နာရီကျော်အထိ ဘုံခုနစ်ဆင့်အဝိုင်းနှင့် ကျင်ကျန်းဝန်း ဟုန်ဖူလမ်းသွယ်(၁) ထိပ်ရှိ ကျင်ဟိုင်းဟိုတယ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိ အဆောက်အအုံနံရံများကိုလည်း ကျည်ဆန်နှင့် ဗုံးစထိမှန်မှုများ ရှိခဲ့ကြောင်း လောက်ကိုင်ဒေသခံက ဆိုသည်။

“ပထမက အတွဲလိုက် ပစ်ခတ်သံတွေညံနေတာ ဆယ်မိနစ်နီးပါး၊ အဲ့ဒါပြီးတော့ တစ်ချက်နှစ်ချက်သံက နာရီဝက်နီးပါးထိ ကြားနေရတယ်။ ဗုံးသီးနှစ်လုံးပါ ပစ်ခတ်ပါတယ်။  နံရံကိုထိပြီး ပေါက်ကွဲတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဟိုတယ်ကိုတော့ ပိတ်လိုက်ပြီလို့ ကြားရပါတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

 ပစ်ခတ်မှုအတွင်း သေဆုံးသွားသူများ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ချင်းမရှိသေးပေ။ 

ယင်းအပြင် ဇွန်လ ၂၃ ရက်နေ့ တစ်ရက်တည်းတွင်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၌လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အရပ်သား နှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးအပါအဝင် ခုနစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

လောက်ကိုင်မြို့သည် တရုတ်- မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်ပြီး တရားမဝင် လောင်းကစားရုံများ အများအပြားရှိကာ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်များနှင့် ကိုးကန့်တပ်မတော် (MNDAA) လှုပ်ရှားရာ ဒေသလည်း ဖြစ်သည်။

စာတည်း။    ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly