နေပြည်တော်တွင် တော်လှန်ရေးအင်အားစုများ စစ်ဆင်ရေး စပြီဟု NPT-PDF ပြော

By ရွှေနွယ် (မဇ္ဈိမ)
24 June 2023
နေပြည်တော်တွင် တော်လှန်ရေးအင်အားစုများ စစ်ဆင်ရေး စပြီဟု NPT-PDF ပြော

စစ်ကောင်စီနယ်မြေဖြစ်သော နေပြည်တော်၏ အရပ်လေးမျက်နှာလုံးတွင် တော်လှန်ရေးအင်အားစုများက  စစ်ဆင်ရေး စတင်နေပြီဖြစ်ကြောင်း  နေပြည်တော် PDF ၏ ဒု−တာဝန်ခံ ဗိုလ်ငွေစိုးက မဇ္ဈိမကိုပြောသည်။

နေပြည်တော်ကောင်စီနယ်မြေသည် စစ်ကောင်စီ၏ နောက်ဆုံးခံတပ်ဖြစ်သည့်အတွက် "လမ်းအားလုံးနေပြည်တော်သို့" စစ်ဆင်ရေးကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပြီး နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှာလည်း တိုက်ရည်ခိုက်ရည်မြင့်တက်လာပြီဟု ၎င်းကပြောသည်။

"မကြာသေးခင်ကဖြစ်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းက စစ်ဆင်ရေးတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်သားတွေဟာ စိတ်ဓာတ်ရေးရာကျရှုံးနေပြီ။ ကျွန်တော်တို့ဘက်ကလည်း ဇွဲစိတ်သန်မှုနဲ့ နေပြည်တော်အထိချီတက်သွားမှာပါ” ဟု ဗိုလ်ငွေစိုးကပြောသည်။

စစ်ရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း နေပြည်တော်ကောင်စီနယ်မြေတွင် ပြောက်ကျားစစ်ဆင်ရေးများ ပိုမိုအားကောင်းလာနိုင်ကြောင်း သုံးသပ်သည်။ 

ထို့ပြင် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သည့် ပျဥ်းမနားမြို့နှင့် ပတ်သက်၍  “ရှမ်းကယားနယ်စပ် ပေါင်းလောင်းမြစ်ဝှမ်း၊ တစ်ဖက်ကကြည့်ရင်း ပျဉ်းမနားပေါ့ ။ အဲ့ဒီနေရာမှာ စစ်ကောင်စီဘက်က ခံစစ်ကြီးကို အပြည့်အဝပြင်ဆင်ထားပါတယ်။ အဲ့တာကိုကျော်နိုင်မှ နေပြည်တော်ကိုထိုးစစ်စလာနိုင်မှာပါ ” ဟု လည်း ၎င်းကပြောသည်။ 

ရှမ်း-ကယား နယ်စပ်တွင် ကြီးစိုးသည့် ကယန်းပြည်သစ် တပ်မတော်သည် ကရင်နီတော်လှန်ရေး အင်အားစုများနှင့် လက်ရှိတွင် ပူးပေါင်းဆောင်ရွက်နေသည့်အတွက် နေပြည်တော်အစပ် ပေါင်းလောင်းဒေသတွင် တိုက်ပွဲများပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။ သို့သော် စစ်ကောင်စီ၏ ခံစစ်စည်းကို မဖြတ်နိုင်ပါက ပေါင်းလောင်းဒေသတွင် တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်ဦးမည်မဟုတ်ဟု ၎င်းက ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်းဟူ၍ စစ်တိုင်း စစ်ဒေသ ၃ ခု ပိုင်းခြားထားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် တပ်ရင်း ၂၇ ခုရှိသည့်အထဲတွင် နေပြည်တော်စစ်တိုင်းခွဲ ပါဝင်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း အောင်နန်းချိုနှင့် လ္ဘက်တောင်ကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၄၀ ခန့်ကြာမြင့်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေပြည်တော်တပ်ရင်း ၈၀၆ (ရမည်းသင်း) တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

တိုက်ပွဲဖော်ဆောင်မှုနှင့်ပတ်သက်၍ "ကျွန်တော်တို့အဖွဲ့တပ်ရင်းက လက်ရှိ ကရင်နီနဲ့ ကရင် တပ်မဟာ (၂ )ဘက်မှာ ပွဲကတာများပါတယ်။ အခုကတော့ နေပြည်တော်က ‘ လမ်းအားလုံးနေပြည်တော်သို့ ‘ စစ်ရေးစီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်နေတာပါ" ဟု နေပြည်တော်တပ်ရင်း ၈၀၆ (ရမည်းသင်း) တပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ တိုက်ပွဲတွင် သံတောင်မြောက်ပိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်​တော်တပ်ရင်း ၈၀၆(ရမည်းသင်း)၊ တပ်ရင်း ၈၀၂၊ တပ်ရင်း၁၀၀၄ အလယ်ပိုင်းတိုင်းနှင့် ဒေသခံ တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ငါးကြင်းမြီးတစ်လက်၊ MA3 တစ်လက်နှင့် ၆၀ မမဗုံးသီးများကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာသည် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၆၀၄၊ ၆၀၅၊ ၆၀၆ နှင့် လေကြောင်းရန်ကာကွယ်ရေးတပ် နှစ်ခုနှင့် နီးရာပတ်ဝန်းကျင်ဖြစ်သည်ဟုလည်း ဗိုလ်ငွေစိုးကပြောသည်။

တိုက်ပွဲအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့်အတူ အနိုင်ရခဲ့ခြင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေကျွမ်းကျင်မှုနှင့် တိုက်ခိုက်ရည်မြင့်တက်လာမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။

 NUG ပြည်ထောင်စု ဝန်ကြီး ဦးရည်မွန်က  NUG ၏ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအနေဖြင့် ဧရာ၀တီမြစ်မြောက်ဘက်ပိုင်းကချင်ပြည်နယ်မှ တောင်ဖျား ဧရာ၀တီတိုင်းအထိ စစ်မျက်နှာ ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး မကွေးတိုင်းမြောက်ခြမ်းအထိ ကောင်းကောင်းစိုးမိုးနိုင်သည့် အနေအထားဖြစ်ကြောင်းနှင့် ပဲခူးတိုင်းအရှေ့ခြမ်း  စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် နယ်မြေစိုးမိုးထိန်းချုပ်နိုင်စွမ်းပိုကောင်းလာပြီဟု ပြောကြားထားသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မဟာဗျူဟာမြောက် တပ်ဖြန့်နေရာယူမှုနှင့် တပ်တည်ဆောက်မှုပြီးစီးကာ ကွက်ပြည့်နင်းနိုင်သည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကာ ရန်သူကိုနေရာတိုင်းမှာတိုက်နိုင်နေပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ Myanmar Now နှင့် တွေ့ဆုံမေးမြန်းစဉ်တွင်ဖြေကြားထားသည်။

ယနေ့ ဇွန်လ ၂၄ ရက်နေ့ နံနက်တွင်လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ မကွေးတိုင်းအတွင်းရှိတပ်ရင်း ၅ ခုအား လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly