နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသော အရပ်သားပြည်သူ ဦးရေ   ၃,၇၀၀ နီးပါးရှိ

By ကိုခင်မောင် (မဇ္စျိမ)
24 June 2023
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်ခြင်းခံရသော အရပ်သားပြည်သူ ဦးရေ   ၃,၇၀၀ နီးပါးရှိ
ပုံ-  ဧပြီလ ၂၇ရက်နေ့က ထန်တလန်မြို့နယ် တလန်လိုကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုမြင်ကွင်း

 မြန်မာနိုင်ငံတစ်ဝန်း၌ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်ခံရသော အရပ်သားပြည်သူဦးရေ ၃,၆၉၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ  ၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့်  ၃၅၄ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၁၁၄ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်သည်ဟု AAPP က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့်  ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ ဇွန်လတတိယပတ်အထိ ၁၁၄ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၂၁၇ ဦး နှင့် ၂၀၂၁ခုနှစ်တွင် ၂၃ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလ ဇွန်လ ၂၁ ရက်နေ့ တွင်ပင်  စစ်ကိုင်းတိုင်း၊ ကလေးနည်းပညာတက္ကသိုလ်တွင်  တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးမြို့နယ်၊ အရှေ့စံသာကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး ဦးခေါင်းထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ရသည်။

ထို့အပြင် အာဏာသိမ်းချိန်မှစ၍ ဇွန်လ ၂၃ရက် ညနေ ၆နာရီအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသူစုစုပေါင်း ၂၃,၄၄၁  ဦးအထိ ရှိနေပြီး ၆,၅၀၆ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP က ကောက်ယူထားသော စာရင်းများအရ သိရသည်။

စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ခံရသူများထဲမှ  ၁၅၇ ဦးအား သေဒဏ်ချမှတ်ထားပြီး ဖမ်းဆီးခံထားရသူများအနက် ၁၂၁ ဦးအား မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားကာ ၄၂ ဦးအား မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယမန်နေ့ ဇွန်လ ၂၃ ရက်အထိ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်းသည် ၁၅၇ ဦးအထိ ရှိနေပြီး ပြန်လည်လွတ်မြောက်သူ စုစုပေါင်းသည် ၄,၃၄၅ ဦးရှိကြောင်းသိရသည်။

အဆိုပါ စာရင်းများသည် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP)မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသော အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟုလည်း ယင်းအဖွဲ့ကဆိုသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly