ကော့သောင်းမြို့ ရေငန်းချိုင်ရွာက ပျူစောထီးဆိုသူများ၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ ၃ ဦး သေဆုံး

By ကိုရွှေမြိတ်  မဲဆောက်(မဇ္ဈိမ)
24 June 2023
ကော့သောင်းမြို့ ရေငန်းချိုင်ရွာက ပျူစောထီးဆိုသူများ၏ကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရေငန်းချိုင်ရွာရှိ ကင်းစခန်းကို ဇွန်လ ၂၂ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ ပျူစောထီးဆိုသူ သုံးဦး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ဇွန်လ ၂၃ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကင်းစခန်းအား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ပျူစောထီးခေါင်းဆောင်ဆိုသူ စိန်သန်းကို အပါဝင် သုံးဦး သေဆုံးသွားသည်ဟု ပ.က.ဖ အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံထံက သိရသည်။

“ရွာမှာ သူတို့က မူယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတယ်၊ ပြည်သူတွေကို ဖိနှိပ်နေလို့ ရှင်းလိုက် ရတယ်။ ပစ်ခတ်တာ အပြီးမှာ စစ်ကောင်စီတပ်သားတွေက လာစစ်ဆေးတာရှိတယ်”ဟု ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထိုသို့ ပျူစောထီး ကင်းစခန်းကို ဝင်ရောက် ပစ်ခတ်ချိန် အတွင်း ပျူစောထီး သုံးဦးကို ရှင်းလင်း နိုင်ခဲ့သည့်အပြင် လက်နက် ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ အပါအဝင် wy စာတန်းပါ စိတ်ကြွဆေးပြားများကိုပါ သိမ်းဆည်း ရမိခဲ့ပြီး ထိုသို့သိမ်းဆည်း ရမိသည့် မှုးယစ်ဆေးဝါးများကို မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ဆိုသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေအဖွဲ့နှင့်သာ သက်ဆိုင်ပြီး ကျေးရွာနေ ပြည်သူများနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required