ပထမဆုံးအမျိုးသား သန္ဓေတားထိုးဆေး ပေါ်ထွက်

ပထမဆုံးအမျိုးသား သန္ဓေတားထိုးဆေး ပေါ်ထွက်

နယူးယောက်၊ မတ်၊ ၃၁ ။         ။ ပထမဆုံးအမျိုးသား သန္ဓေတားထိုးဆေးဖြစ်လာမည့် ဆေးတစ်မျိုးကို အမေရိကန်အခြေစိုက် ဆေးဝါးသုတေသန NGO တစ်ခုက ထုတ်ဖော်မိတ်ဆက်လိုက်သည်။

ပါစီမက်စ်ဖောင်ဒေးရှင်းက စမ်းသပ်လျှက်ရှိသည့် Vasagel ဟုအမည်ရသောအဆိုပါထိုးဆေးကို တစ်ကြိမ်ထိုးထားရုံဖြင့် အမျိုးသားတစ်ဦးသည် ၁၂ လအထိပင် သန္ဒေတား နိုင်မည် ဖြစ်သည်။

Vasagel သည် ဟော်မုန်းဆေးမဟုတ်ဘဲ အမျိုးသားသုတ်ပိုးများအပြင်သို့မထွက်အောင်တားထားနိုင်မည့် ဟိုက်ဒြိုဂျယ်လ် တစ်မျိုးဖြစ်ပေါ်စေမည့် ထိုးဆေးဖြစ်သည်။

လက်ရှိအချိန်တွင်အဆိုပါဆေးကို ယုန်များတွင် ထိုးသွင်းစမ်းသပ်အောင်မြင်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် လူများနှင့် စမ်းသပ်သွားတော့မည် ဖြစ်သည်။

လူများနှင့်စမ်းသပ်အောင်မြင်ပြီးပါက လာမည့် ၂ နှစ်အတွင်းတွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချီသွားရန် စီစဉ်ထားသည်ဟု ပါစီမက်စ်ဖောင်ဒေးရှင်း ကကြေညာထားသည်။

လက်ရှိအချိန်တွင် အမျိုးသားများအတွက် သန္ဓေတားရန်နည်းမှာ ကွန်ဒုံးအသုံးပြုခြင်း နှင့် သားကြောဖြတ်ခြင်း နှစ်မျိုးသာ ရှိနေပြီး သန္ဓေတားဆေးသောက်သုံးခြင်း၊ ထိုးခြင်းတို့မှာ အမျိုးသမီးတို့၏ တာဝန်သာဖြစ်လျှက်ရှိသည်။

မကြာသေးမီကထွက်ပေါ်ခဲ့သော လေ့လာမှုစစ်တမ်းများအရဆိုလျှင် ကမ္ဘာတဝမ်းတွင် နှစ်စဉ် မရည်ရွယ်ဘဲကိုယ်ဝန် ရသည့် ဖြစ်စဉ်ပေါင်း ၈၅ သန်းခန့် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly