ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု Wagner ‌‌ကြေးစားတပ်အကြီးအကဲ ပြော

ရုရှစစ်ခေါင်းဆောင်များကို ဖြုတ်ချမည်ဟု Wagner ‌‌ကြေးစားတပ်အကြီးအကဲ ပြော
Photo-AFP

ရုရှ၏ Wagner ကြေးစားတပ် အကြီးအကဲက ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းကို ဖြုတ်ချရန်အတွက် “နည်းလမ်းကုန်” ဖြင့် လုပ်ဆောင်သွားမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ ရုရှက ၎င်းအား “လက်နက်ကိုင် ပုန်ကန်သည်” ဟု စွပ်စွဲပြီး နာရီပိုင်းမှာပင် ပြောဆိုခြင်းပဲ ဖြစ်သည်။

Wagner တိုက်ခိုက်ရေးသမားများသည် ယူကရိန်းမှ ရုရှဆီ နယ်စပ်ဖြတ်ကျော်ပြီး ရိုစတော့ဗ်-အွန်-ဒွန် မြို့အတွင်း ဝင်ရောက်ပြီဟု ယက်ဗ်ဂျီနီ ပရီဂိုဇင်းက ပြောသည်။

သူ၏ လူများအနေဖြင့် ၎င်းတို့ လမ်းကြောင်းပေါ် ရှိနေကြသူ မည်သူကိုမဆို ဖျက်ဆီးချေမှုန်းသွားမည်ဟုလည်း ပရီဂိုဇင်းက ပြောသည်။

အရပ်သားများအနေဖြင့် စိတ်အေးအေးထားပြီး အိမ်တွင်းမှာပင် နေကြရန်လည်း တိုက်တွန်းသည်။

“အရပ်သား ယာဉ်တန်းအား ပစ်ခတ်သည့်” ရုရှစစ်ရဟတ်ယာဉ်တစ်စင်းကို သူ၏တပ်များက ပစ်ချခဲ့သည်ဟုလည်း ပရီဂိုဇင်းက ဆိုသည်။ ထိုသို့ ပစ်ချခဲ့သည်ဆိုသည့် တည်နေရာကို ၎င်းက မပြောဘဲ မှန်ကန်ကြောင်း အတည်ပြုရန်လည်း ချက်ချင်း မတတ်နိုင်သေးပေ။

Wagner Group သည် ပုဂ္ဂလိက လက်နက်ကိုင်ကြေးစားတပ်ဖြစ်ပြီး ယူကရိန်းနှင့် ရုရှစစ်တပ်နှင့်အတူ တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။

ထို ယူကရိန်းစစ်ပွဲကို မည်သို့ တိုက်ခိုက်မည်ဆိုခြင်းနှင့် ပတ်သက်ပြီး တင်းမာမှုများ ကြီးထွားလာခဲ့ပြီး မကြာသေးသော လများအတွင်း၌ ပရီဂိုဇင်းက ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းကို ထုတ်ဖော်ဝေဖန်ခြင်းများ ရှိလာခဲ့သည်။

ရုရှစစ်တပ်က Wagner တပ်များကို အသေအဆုံးများသော ဒုံးကျည်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု အသက် ၆၂ နှစ်အရွယ် ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်းက စွပ်စွဲပြီး တုံ့ပြန်အပြစ်ပေးသွားမည်ဟု သောကြာနေ့က စိတ်ပိုင်းဖြတ် ပြောဆိုသည်။ သက်သေအချက်အလက်ကိုမူ ၎င်းက ထုတ်ပြန်ခြင်း မရှိပေ။

ထိုသို့ ဒုံးကျည်တိုက်ခိုက်သည်ဆိုခြင်းအား အာဏာပိုင်များက ငြင်းဆန်ပြီး ပရီဂိုဇင်းအနေဖြင့် “တရားမဝင်သော လုပ်ရပ်များ” ကို ရပ်တန့်ရန် တောင်းဆိုသည်။

ပရီဂိုဇင်းကမူ ရုရှစစ်တပ်ခေါင်းဆောင်ပိုင်းမှ “မိစ္ဆာ” ကို ရပ်တန့်ပစ်ရမည်ဖြစ်သည်ဟု ပြောဆိုကာ “တရားမျှတမှုအတွက် ချီတက်မည်” ဟု စိတ်ပိုင်းဖြတ်ဆိုသည်။

“ကျွန်တော့် လူတွေနဲ့ ရုရှစစ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ထားတဲ့သူတွေကို အပြစ်ပေးမယ်”ဟု လူမှုမီဒီယာ Telegram ၌ ၎င်းက အသံမက်ဆေ့ချ် တင်ခဲ့သည်။

“မခုခံဖို့ ပြောချင်တယ်၊ ခုခံသူ ဘယ်သူမဆို ခြိမ်းခြောက်မှုနဲ့ ဖျက်ဆီးမှုကို စဉ်းစားထားဖို့ လိုတယ်၊ ကျွန်တော်တို့ လမ်းကြောင်းက စစ်ဆေးရေးဂိတ်တွေနဲ့ လေကြောင်းဆိုင်ရာ အားလုံး ဖျက်ဆီးခံရမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

“သမ္မတ အာဏာ၊ အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ ရုရှအစောင့်တပ်တွေကတော့ ပုံမှန်အတိုင်း အလုပ်ဆက်လုပ်လို့ ရမယ်”ဟုလည်း ပရီဂိုဇင်းက ပြောသည်။

“ဒါဟာ စစ်အာဏာသိမ်းတာတော့ မဟုတ်ဘူး၊ တရားမျှတမှုအတွက် ချီတက်တာပဲ၊ ကျွန်တော်တို့ ချီတက်မှုကို ဘယ်လိုနည်းနဲ့မှ ဝင်ရောက်စွက်ဖက်လို့ မရဘူး”ဟု ၎င်းက ဆိုသည်။

ရုရှသမ္မတ ဗလာဒီမာ ပူတင်က အခြေအနေအား အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နေကြောင်း သူ့ ပြောခွင့်ရသူက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.bbc.com/news/world-europe-66005256

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required