အင်ဒိုနီးရှား၌ ပြည်သူများ အပြင်သွားလာ ပိုက်ဆံ သုံးကြရန်အတွက် အလုပ်ပိတ်ရက် ၅ ရက် သတ်မှတ်ကြေညာ

By Daily Mail
23 June 2023
အင်ဒိုနီးရှား၌ ပြည်သူများ အပြင်သွားလာ ပိုက်ဆံ သုံးကြရန်အတွက် အလုပ်ပိတ်ရက် ၅ ရက် သတ်မှတ်ကြေညာ
Photo-AFP

အင်ဒိုနီးရှား၌ ပြည်သူများ အပြင်သွားလာကြကာ ပိုက်ဆံသုံးကြရန်ကို အားပေးမြှင့်တင်ရန်အတွက် ငါးရက်တာ အလုပ်ပိတ်ရက်ကို သတ်မှတ်ကြေညာသည်။

အလုပ်နားရက် ပိုမို ဖန်တီးပေးရန် ဆုံးဖြတ်ခြင်းသည် ခရီးသွားလုပ်ငန်းနှင့် ခရီးထွက်သွားလာခြင်းများနှင့်အတူ စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း အင်ဒိုနီးရှားအစိုးရက ပြောသည်။

သမ္မတ ဂျိုကို ဝီဒိုဒိုက လာမည့် သီတင်းပတ်၏ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့ကို ရုံးပိတ်ရက်အဖြစ် ကြေညာခြင်းဖြစ်ကာ နိုင်ငံ၌လည်း လာမည့်သီတင်းပတ် ကြာသပတေးနေ့သည် အိဒ်နေ့ပွဲတော်အတွက် ပျော်ရွှင်ပွဲများ ရှိမည်ဖြစ်သည်။

ထိုအတွက် ပြည်သူများအနေဖြင့် လာမည့် သီတင်းပတ်တွင် အလုပ်ပိတ်ရက် ငါးရက်တာ ရရှိကြမည် ဖြစ်သည်။

အဆိုပါ အပိုဆောင်း ရုံးပိတ်ရက်များသည် အစိုးရဝန်ထမ်းအားလုံးနှင့် အကျုံးဝင်ပြီး ပုဂ္ဂလိကကုမ္ပဏီများကလည်း လိုက်နာရဖွယ်ရှိကြောင်း Bloomberg သသသတင်းက ဖော်ပြသည်။ ယင်းရက်များ၌ နိုင်ငံ၏ စတော့အိတ်ချိန်းလည်း ပိတ်မည် ဖြစ်သည်။

“ဒီ အလုပ်ပိတ်ရက်တွေကြောင့် စီးပွားရေးကို မြှင်တင်ပေးနိုင်မှာ ဖြစ်တယ်၊ အထူးသဖြင့် ဒေသတွင်းနဲ့ ပြည်တွင်း ခရီးသွားနယ်ပယ်မှာ ပိုပြီး ကောင်းမွန်စေလိမ့်မယ်”ဟု သမ္မတ ဝီဒိုဒိုက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ဝီဒိုဒိုသည် ပိုက်ဆံ သုံးစွဲရန် အင်ဒိုနီးရှားပြည်သူများကို တွန်းအားပေးခြင်းဖြင့် စီးပွားရေး မြှင့်တင်နိုင်ရေးအတွက် ပုံမှန်မဟုတ်သော နည်းလမ်းများကို ဖော်ဆောင်တတ်သူပဲ ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းကလည်း ဝီဒိုဒိုသည် စီးပွားရေး ဖွံ့ဖြိုးမှု မြှင့်တင်နိုင်ရေးအတွက် အင်ဒိုနီးရှား ပြည်သူများအား ပိုက်ဆံ နည်းနည်းစုပြီး ဈေးဝယ်ခြင်း၊ ဖျော်ဖြေပွဲများ ကြည့်ရှုခြင်းနှင့် အားကစားပွဲများ အားပေးခြင်းများတွင် ပို၍ သုံးစွဲကြရန် တိုက်တွန်းခဲ့သည်။

ကပ်ဘေးနောက် ၂၀၂၂ ခုနှစ်၌ အင်ဒိုနီးရှားပြည်သူများသည် အသုံးအစွဲများ နည်းပါးကြခြင်းကြောင့် ငွေစုအကောင့်များတွင် အင်ဒိုနီးရှား ရူပီးရားငွေကြေး ၆၉၀ ထရီလီယံ (ပေါင် ၃၉ ဒသမ ၅ ဘီလီယံ) အကြမ်းဖျင်း စုပုံနေကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

အသုံးအဖြုန်း မြှင့်တင်ရန်အတွက် COVID-19 ကန့်သတ်ချက်များ ရုပ်သိမ်းပြီးသည်နှင့် ဖျော်ဖြေပွဲများနှင့် အားကစားပြိုင်ပွဲများ ခွင့်ပြုပေးရန်လည်း ဌာနေအာဏာပိုင်များကို ဝီဒိုဒိုက အစောပိုင်းက အမိန့်ထုတ်ခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.dailymail.co.uk/news/article-12223025/Indonesia-announces-FI...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly