စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ် ဗုံးဖောက်ခွဲသတိပေး

By ပါခွီး (မဇ္စျိမ)
23 June 2023
စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးတပ် ဗုံးဖောက်ခွဲသတိပေး

ချင်းပြည်နယ် ၊ တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဗုံးဖောက်ခွဲသတိပေးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang ထံမှ သိရသည်။

ဇွန်လ ၂၀ ရက်ညပိုင်းတွင် အဆိုပါကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို မိုင်းဖြင့်ဖောက်ခွဲသတိပေးခဲ့ရာ နောက်ရက် ဇွန် ၂၁ရက်နေ့တွင် ကျောင်းပိတ်သွားခဲ့ကြောင်း ဆိုသည်။

“စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲဖို့ အကြောင်းမရှိဘူး ၊ နောက်ပြီး စစ်ကောင်စီယန္တရားလည်ပတ်တာကိုလည်း ကျနော်တို့က လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး” ဟု CDF – Ton Zang ပြောရေးဆိုခွင့်ရှိသူ ထန်ဆွင်းမုန် က မဇ္စျိမကိုပြောသည်။

ကျောင်းတွင် စစ်ကောင်စီတပ်စွဲထားခြင်းသည် ဂျနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသောကြောင့် တားမြစ်လိုသဖြင့်သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်အချို့ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုကို မသိရှိရကြောင်းဆိုသည်။

အဆိုပါကျောင်းရှိ ဒဿမတန်းကျောင်းခန်းတွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့် တပ်စွဲနေထိုင်လျက်ရှိပြီး ဆေးရုံတွင်လည်း စစ်ကောင်စီတပ်သားများရှိနေကြောင်း သိရသည်။

တွန်းဇံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများသည် ဇို(ချင်း) လူမျိုးများဖြစ်သကဲ့သို့ CDF – Ton Zang တပ်ဖွဲ့ ဝင် လူငယ်များသည်လည်း အမျိုးတူ ဆွေမျိုးများဖြစ်သည်အတွက် ထိခိုက်နစ်နာရန် ပြုလုပ်မည်မဟုတ်ကြောင်းဆိုသည်။ 

တွန်းဇံမြို့နယ် ၊ မြို့နယ်ပညာရေးမှူးအဖွဲ့ ၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းဆရာ/မ များအနေဖြင့် စစ်ကောင်စီလက်အောက်တွင် ရုံးတက်ခြင်း ၊ ကျောင်းတက်ခြင်းများ မပြုလုပ်ကြရန် အပြင်းအထန်တားမြစ်ကြောင်းနှင့် တားမြစ်ခြင်းများ မလိုက်နာပါက ပြင်းထန်းသော အရေးယူခံရမည်ဖြစ်ကြောင်း CDF – Ton Zang ထံမှ သိရှိရသည်။

တွန်းဇံမြို့အထက်တန်းကျောင်းသည် ၁၉၆၄ ခုနှစ်တွင် တွန်းဇံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းအဖြစ် သတ်မှတ်ခြင်းခံရသည့် ပထမဦးဆုံးကျောင်းဖြစ်ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required