ကျောက်မဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲ ခေတ္တပိတ်မည်ဟုကြေညာ

By ဂျူချန်း (မဇ္ဈိမ)
23 June 2023
ကျောက်မဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲ ခေတ္တပိတ်မည်ဟုကြေညာ
ဓါတ်ပုံ-လူမှုကွန်ရက် 10m

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ပင်လုံလမ်း၊ (၂) ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲသည် လာမည့် ဇူလိုင်လ ၁ ရက်မှစတင်ကာ ခေတ္တပိတ်မည်ဖြစ်သဖြင့် ငွေအပ်နှံထားသူများအနေဖြင့် ဇွန်လ ၃၀ ရက် နောက်ဆုံးထားကာ ငွေလာရောက်ထုတ်ယူကြရန် ကြေညာထားသည်။

“အခုရက်ပိုင်းအတွင်းကို ရှိတဲ့ပိုက်ဆံတွေ သွားထုတ်ခိုင်းထားတာလို့ ကြေညာထားတယ်။ ကိုယ်တိုင်သွားထုတ်ရမယ်။ ကိုယ့်စာအုပ်နဲ့ ကိုယ့်မှတ်ပုံတင်နဲ့ ကိုယ့်ဟာကိုယ် သွားထုတ်မှ ရမှာ။ နှစ်ရက်၊ သုံးရက်လောက်ရှိပြီ ကြေညာထားတာ” ဟု ကျောက်မဲ ဒေသခံတစ်ဦးက ပြောသည်။

ငွေထုတ်ယူရာတွင်လည်း အပ်နှံထားသည့် ငွေများအား ဘဏ်စာအုပ်ပြကာ သတ်မှတ်နှုန်းထားအတိုင်း ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ကျောက်မဲ ကမ္ဘာ့ရတနာဘဏ်ခွဲ၏ အသိပေးကြေညာချက်၌ ဇူလိုင်လ ၁ ရက်နေ့တွင် ခေတ္တပိတ်သိမ်းမည်ဟုသာ ဖော်ပြထားပြီး ပိတ်သိမ်းရသည့် အကြောင်းအရင်းနှင့် ပြန်လည်ဖွင့်မည့်ရက်ကို ဖော်ပြထားခြင်း မရှိပေ။

“အပြီးပိတ်တာလို့တော့ပြောတယ်။ ဘဏ်စာအုပ်ထဲမှာရှိတဲ့amount(ပမာဏ) အတိုင်း ထုတ်ပေးတာဖြစ်ပြီး အကောင့် ပိတ်လိုက်တာပါ။မပိတ်ချင်တဲ့သူဆိုရင်တော့ လားရှိူးမှာ သူတို့သတ်မှတ်နှုန်းအတိုင်းထုတ်ပေးတာပါ။ ကျောက်မဲမှာလုပ်ခဲ့တဲ့စာအုပ်တော့လားရှိုးမှာပဲ ထုတ်လို့ရမှာပါ။မပိတ်လိုက်ရတဲ့အကောင့်ကို ကျောက်မဲဘဏ်ခွဲကနေ လားရှိုးဘဏ်ခွဲကို လွှဲလိုက်တဲ့သဘောပါ” ဟု ငွေထုတ်ခဲ့သည့် ဒေသခံက ပြောသည်။

ကမ္ဘာ့ရတနာဘဏ်ခွဲ (ကျောက်မဲ)သို့ မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ“ကိုးလပိုင်းအထိရှိမှာပါ ။ ကိုးလပိုင်းအထိ ထုတ်လို့ရပါတယ်” ဟု ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြန်လည်ဖြေကြားသည်။ 

ဇူလိုင်လ ၁ ရက်မှစတင်ကာ ခေတ္တပိတ်မည်ဆိုသည့်အချက်နှင့် ကွဲလွဲနေ၍ အသေးစိတ်ကိုထပ်မံမေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ကမ္ဘာ့ရတနာဘဏ် ဥက္ကဌဖြစ်သူ စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်သိမ်းသည် (နအဖ) စစ်အစိုးရလက်ထက်၌ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ရတနာဘဏ်ကို စစ်ဗိုလ်ချုပ်ဟောင်းများနှင့် စစ်တပ်အသိုင်းအဝိုင်းနှင့် ဆက်နွှယ်သူအများစုက ပိုင်ဆိုင်ကြကြောင်း သိရသည်။ 

စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများ ပိုင်ဆိုင်သည့် ကမ္ဘာ့ရတနာဘဏ်သည် အာဏာသိမ်းပြီးနောက် မကြာခဏ ဓါးပြတိုက်ခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ဘဏ်ခွဲတွင် တစ်ကြိမ်၊ ဩဂုတ်လ ၃၀ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ ဘဏ်ခွဲ၌ တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ရှိ ဘဏ်ခွဲတွင် တစ်ကြိမ်၊ ဧပြီလ ၁၈ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ ဘဏ်ခွဲတွင် တစ်ကြိမ် ကမ္ဘာ့ရတနာဘဏ်၏ ဘဏ်ခွဲများ၌ ဓါးပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရတနာဘဏ်သည် ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနဲ့ ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အများပြည်သူပိုင်ဘဏ်အဖြစ် ပြောင်းလဲခဲ့ရာ လက်ရှိတွင် ဘဏ်ခွဲစုစုပေါင်း ၁၈၈ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly