၀က်လက်မြို့နယ် တကောင်းမင်းကျေးရွာမှ အမျိုးသား ၂ ဦးအား စစ်ကောင်စီတပ်က ပစ်သတ်

By KMN (မဇ္ဈိမ)
23 June 2023
၀က်လက်မြို့နယ် တကောင်းမင်းကျေးရွာမှ အမျိုးသား ၂ ဦးအား စစ်ကောင်စီတပ်က ပစ်သတ်
Photo - Wetlet Informational Network (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တကောင်းမင်းကျေးရွာမှ အမျိုးသား နှစ်ဦးအား ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။

ဇွန်လ ၂၂ ရက်နေ့၊ မနက် ၈နာရီခွဲခန့် အချိန်တွင် ဝက်လက်မြို့နယ်မှ ထွက်ခွာလာသော အင်အား ၇၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းအား သဖန်းကုန်းရွာနှင့် တကောင်းမင်းရွာကြားအရောက်တွင် ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း Eagle Guerrilla Force မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား လေးဦးခန့် သေဆုံးနိုင်ကြောင်း သိရသည်။

၎င်းစစ်ကြောင်းသည် သုံးကြိမ်ခန့် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တကောင်းမင်းကျေးရွာသို့ စစ်ကြောင်းဆက်ထိုးခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့လယ်ပိုင်း၌ တကောင်းမင်းကျေးရွာအနီးတွင်  ဆိတ်ကျောင်းနေသော အမျိုးသား တစ်ဦးအား ပစ်ခတ်ဖမ်းဆီးကာ သေနတ်ဒင်ဖြင့် ဦးခေါင်းကို ထုနှက် သတ်ဖြတ်ခဲ့သည်။

၎င်းနောက် သစ်ပင်ပေါ်၌ တက်ရောက်နေသော အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

"ရွာခံတွေပြောတာတော့ ဆိတ်ကျောင်းတဲ့ကောင်လေးက စစ်ကြောင်းနဲ့ပက်ပင်းတိုးတော့ ပစ်သတ်ခံလိုက်ရတာပေါ့။ ဦးစိန်မြင့်ဆိုတဲ့လူကတော့ သစ်ပင်ပေါ်တက်နေတဲ့ချိန် စစ်ကြောင်းကတွေ့ပြီး ပစ်ချသတ်ခံလိုက်ရပါ" ဟု ရွှေဘိုခရိုင် အမှတ် (၁၅) တပ်ရင်း၊ Eagle Guerrilla Force တပ်ရင်းမှူး ဗိုလ်ကောက်ရိုးကမဇ္ဈိမကို ပြောကြားသည်။ 

စစ်ကြောင်းက ပစ်သတ်ခဲ့သည့် အမျိုးသားနှစ်ဦးသည် တကောင်းမင်းကျေးရွာမှဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့ညနေပိုင်း စစ်ကြောင်းထွက်ခွာသွားချိန်တွင် သဂြိုဟ်ခဲ့ကြောင်း သိရသည်။

အင်အား ၇၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၂၂ ရက်နေ့တွင် တကောင်းမင်းရွာ အမျိုးသားနှစ်ဦးအားသတ်ဖြတ်ခဲ့သလို နေအိမ် ၁၅လုံးခန့်အား မီးရှို့ဖျက်ဆီးပြီး လှတောကျေးရွာမှ တစ်ဆင့် ကျီးကန်ကျေးရွာဘက်သို့ ဝင်ရောက်ကာ နေအိမ် သုံးလုံးခန့်ကို မီးရှို့ခဲ့သည်။

ယင်းစစ်ကြောင်းသည် ယနေ့၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျီးကန်ကျေးရွာမှတစ်ဆင့် ဝက်လက်မြို့နယ် အနောက်ခြမ်း သားနားရွာအနီးသို့ ဆက်လက်စစ်ကြောင်းထိုးနေကြောင်းသိရသည်။

(ဇွန်လဆန်းတွင် စစ်ကောင်စီတပ်၏ မီရိူ့ခြင်းခံခဲ့ရသည့် ဝက်လက်မြို့နယ်၊အရှေ့ခြမ်း နဘဲပင်လှရွာ)

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly