မြန်မာ့အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ဘိုင်ဒင်နှင့် မိုဒီ ပြော

မြန်မာ့အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ဘိုင်ဒင်နှင့် မိုဒီ ပြော
Photo-AFP

“မြန်မာနိုင်ငံက ယိုယွင်းဆိုးဝါးလာသော အခြေအနေနှင့် ပတ်သက်ပြီး လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဝါရှင်တန်သို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိသည့် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့က ကြာသပတေးနေ့တွင် ပြောသည်။

ဘိုင်ဒင်နှင့် မိုဒီတို့ကြား ဆွေးနွေးကြပြီးနောက် ဇွန် ၂၂ ရက်၌ အမေရိကန်နှင့် အိန္ဒိယ ပူးတွဲထုတ်ပြန်ချက်၌ ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခြင်းပဲ ဖြစ်သည်။

“ထင်ရာစိုင်း ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးရန်၊ အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် အားလုံးပါဝင်သည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်သို့ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရန်” အမေရိကန်နှင့် အိန္ဒိယတို့က တိုက်တွန်းသည်။

အမေရိကန်သည် မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ များစွာ ချမှတ်ထားသော်လည်း အိန္ဒိယက ၎င်း၏ အရှေ့မြောက်ပိုင်းဒေသ မြန်မာနယ်စပ်၌ မတည်ငြိမ်မှုများကို ထောက်ရှုပြီး မြန်မာနှင့် ပျူငှာသော ဆက်ဆံရေးကို ဆက်လက်ကိုင်စွဲထားသည်။

ယခုထုတ်ပြန်ချက်၌ အိမ်ဖြူတော်သည် အမေရိကန် သုံးနေကျ ဗမာဆိုသော နာမည်ဟောင်းကို မသုံးစွဲဘဲ မြန်မာဆိုသည့် နာမည်ဖြင့် ရည်ညွှန်းသုံးစွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အတွင်း၌ ဘိုင်ဒင်နှင့် မိုဒီတို့သည် ပါကစ္စတန်က အစွန်းရောက်အုပ်စုများကို  အရေးယူသွားရေးကိုလည်း တိုက်တွန်းထားသည်။

အမေရိကန်နှင့် အိန္ဒိယတို့သည် “နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများ၊ အကြမ်းဖက်အဖွဲ့များကို ကြိုးကိုင်ခြင်းများကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ပါကစ္စတန်အနေဖြင့် ၎င်းထိန်းချုပ်ရာ နယ်မြေတွင် အကြမ်းဖက်မှု တိုက်ခိုက်မှုများ ဆင်နွှဲနိုင်ခြင်းမရှိစေရန် လက်ငင်းအရေးယူ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း” ယခု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၂၀၀၈ ခုနှစ်၌ မွမ်ဘိုင်းတိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုများ၌ ကျူးလွန်သူများကို အပြစ်ပေးရေးကိုလည်း ပါကစ္စတန်အား ၎င်းတို့က တိုက်တွန်းသည်။

မိုဒီ၏ လက်ထက် အိန္ဒိယသည် ပါကစ္စတန်နှင့် တင်းမာမှု တိုးများလာခဲ့ပြီး တိုက်ခိုက်မှုတစ်ရပ်ကို တုံ့ပြန်ခြင်းအဖြစ် ၂၀၁၉ ခုနှစ်က လေကြောင်းတိုက်ခိုက်ရန် ကြေညာသည့်အထိပင် ဖြစ်ခဲ့သည်။

အမေရိကန်မှာ သမိုင်းကြောင်းအရ ပါကစ္စတန်နှင့် နီးကပ်သော မိတ်ဖက်ဖြစ်သော်လည်း အာဖဂန်နစ္စတန်က တာလီဘန်များနှင့် ပါကစ္စတန်၏ အာဏာပြည့်ဝသည့် စစ်တပ်ကြား ဆက်ဆံရေးများကြောင့် သည်းခံမှု ပါးလျလာခဲ့သည်။

ဘိုင်ဒင်အစိုးရသည် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်မှ အမေရိကန်တို့ ရုပ်သိမ်းချိန်မှစကာ ပါကစ္စတန်အား လက်တစ်ကမ်းအကွာ ဆက်ဆံရေးတွင် ဆက်လက်ထားရှိထားသကဲ့သို့ အိန္ဒိယနှင့်လည်း နွေးထွေးသည့် ဆက်ဆံရေး ထူထောင်ခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.mizzima.com/article/biden-and-modi-voice-concern-about-myanm...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required