ပြည်ပတွင် ပညာသင်ယူရန် ကြိုးစားသည့်  လူငယ် ပိုများလာ

By မိုးသောက် (မဇ္ဈိမ)
23 June 2023
ပြည်ပတွင် ပညာသင်ယူရန် ကြိုးစားသည့်  လူငယ် ပိုများလာ
Photo- ပုံဟောင်း(စစ်ကောင်စီလက်အောက်စီစာသင်ကျောင်းတစ်ခု)

စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်ပသို့ထွက်ခွာပြီးပညာသင်ကြားနိုင်ရန်အတွက် ကြိုးစားနေကြသည့် လူငယ်အများအပြားရှိလာသည်။

ယခင်ကာလများထက် ပြည်ပထွက်ပညာသင်ကြားရန် ကြိုးစားနေသည့်လူငယ် အရေအတွက်သည်ပိုများလာသည်ဟု လုံခြုံရေးအရအမည်မဖော်နိုင်သည့် နိုင်ငံခြားကျောင်းများတွင်တက်ရောက်နိုင်ရန် ပြင်ဆင်ပေးနေသည့်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

“ပိုများလာပါတယ်။ ရာခိုင်နှုန်းအရဆိုရင်  ၈၀ရာခိုင်နှုန်းကျော်ကျော်လောက်ပိုများလာပါတယ် ။အရင်ထက် နှစ်ဆကျော်သုံးဆလောက်ပိုများလာပါတယ်။” ဟု ဆိုသည်။

ပြင်ဆင်နေသည့်လူငယ်များတွင် အထက်တန်းကျောင်းသားကျောင်းသူများနှင့်တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများသည်အများဆုံးဖြစ်ကြောင်းသိရသည်။ ယခင်ကပညာတော်သင်ခွင့်အတွက် ပြင်ဆင်သည့် လူငယ်များရှိသော်လည်း လက်ရှိအချိန်၌ ပြည်ပတွင်ငွေကုန်ကြေးကျခံပြီး ကျောင်းသွားတက်နိုင်ရန် ကြိုးစားနေသူများပြားလာခြင်းဖြစ်သည်။

ငွေကြေးအခြေအနေများအပေါ်မူတည်ပြီး အနောက်ဥပရောပနိုင်ငံများ၊အာရှနိုင်ငံများရှိကျောင်းနှင့် တက္ကသိုလ်များကိုရွေးချယ်ကြကာ ပညာသင်ကြားမှုများဆက်လက်ရရှိနိုင်ရန် ပုံစံအမျိုးမျိုးဖြင့်ကြိုးစားနေသည်။ 

မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံရှိ ချင်းမိုင်တက္ကသိုလ်တွင် ပညာတော်သင်ဆုဖြင့်  Master Of Public Policy ပညာသင်ကြားနေသူ ကျောင်းသားတစ်ဦးက ”ပထမတစ်ချက်ကတော့ ပညာရေးအရည်အသွေး၊ ဒုတိယအချက်က နေထိုင်စားသောက်မှုပုံစံကလည်း ပြည်တွင်းနဲ့အရမ်းကြီးမကွာဘူး။ မြန်မာတွေများတော့ ကိုယ့်အတွက်လုံခြုံမယ်လို့ယူဆလို့ရွေးတာပေါ့။ နောက်တစ်ခုက ပညာတော်သင်ဆုရလို့ပေါ့ မရရင် ကျနော်တို့လည်းစဉ်စားရမှာပေါ့လေ။” ဟု မဇ္ဈိမကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိပညာရေးအခြေအနေများသည် အနာဂတ်တွင်အသိအမှတ်ပြုမှု အတွက် စိန်ခေါ်မှုရှိလာသည့်အတွက် ပြည်ပထွက်ပညာသင်ကြားရန် ရွေးချယ်မှုများပြားလာရခြင်းဖြစ်နိုင်ကြောင်း ပညာရေးအသိုင်းအဝိုင်းကသုံးသပ်သည်။

အင်္ဂလိပ်စာဘာသာရပ်သင်ဆရာမRemonaက “တိုတိုပြောရရင် ပြည်တွင်းကနေပေးတဲ့ ပညာရေးစနစ်မှာ စကစကပေးတဲ့ပညာရေးစနစ်ဟာလည်းပဲ ကျမတို့ တစ်ချိန်မှာ တိတိကျကျပြန်ပြီးအသုံးချလို့ရမယ်ဆိုတဲ့  အာမခံချက်လုံးဝမရှိဘူးဆိုတာတွေ့ရတယ်။ ဒါကြောင့်မို့လည်း လူငယ်အတော်များများဟာနိုင်ငံခြားမှာသွားပြီး ပညာသင်ဖို့ကိုဆုံးဖြတ်လာကြတယ်”ဟုသုံးသပ်သည်။

ပြည်ပပညာသင်ကြားခွင့်များကို ကြိုးစားနေကြသူများထဲတွင် ပြည်တွင်းမှလူငယ်များအပြင် တော်လှန်ရေးနယ်မြေများနှင့် နယ်စပ်ဒေသကိုရောက်ရှိနေသည့်  စစ်ရှောင်ပညာသင်လူငယ်များပါဝင်သည်။

အထူးသဖြင့် အမေရိကန်နိုင်ငံအသိအမှတ်ပြုအရည်ချင်းစစ်စာမေးပွဲတစ်ခုဖြစ်သည့် GED( The General Educational Development Test)ကို ဖြေဆိုနိုင်ရန်ကြိုးစားနေကြသည့် အထက်တန်းအဆင့် လူငယ်များလည်းရှိနေသည်။

စစ်ရှောင်ကလေးများအပါအဝင် ကျောင်းသားကျောင်းသူများကို GEDစာမေးပွဲဖြေဆိုရန် အတွက်ပြင်ဆင်ပေးနေသည့် ဆရာဦးဂျော်နီက “ GEDသာအောင်ရင်တက္ကသိုလ် အတော်များများလက်ခံတယ်။ထိုင်းမှာရှိတဲ့ နိုင်ငံတကာတက္ကသိုလ်တွေဆိုရင် အကုန်လုံးနီးပါးဘာမှမတောင်းဘဲနဲ့ လက်ခံကြတယ်။  “ ဟုပြောသည်။

GEDပညာရေးကိုကြိုးစာနေကြသည့်လူငယ်များထဲတွင် စိတ်ပါဝင်စားသည့်ကျောင်းသားများပါဝင်သကဲ့သို့ ရွေးချယ်ရန်မရှိတော့သည့်အတွက် ကြိုးစားနေသူများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမအများအပြားသည် စစ်ကောင်စီ လက်အောက်သို့ရောက်ရှိသွားသည့် ပညာရေးကိုစွန့်ခွာခဲ့ကြသည်။ ထို့နောက် လူငယ်များသည် ပညာရေးအခွင့်အလမ်းများရရှိနိုင်ရန်အတွက် ပြည်ပထွက်ပညာသင်ကြားခြင်း၊ အွန်လိုင်းမှသင်ကြားခြင်းနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားခြင်းများပြုလုပ်ကာ ပုံမှန်တစ်နှစ်တစ်တန်း ပညာရေးထက်ပိုမိုသည့် ပညာရေးပုံစံများကို စိတ်ဝင်စားလာကြသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly