လူအစုလိုက် သင်္ချိုင်းမြေပုံ တွေ့ရှိခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားစွဲ

လူအစုလိုက် သင်္ချိုင်းမြေပုံ တွေ့ရှိခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားစွဲ
Photo-AFP

ထိုင်းနိုင်ငံနှင့် မလေးရှားနယ်စပ်တွင် ၂၀၁၅ ခုနှစ်က လူအစုလိုက် သင်္ချိုင်းမြေပုံနှင့် သံသယဖြစ်ဖွယ် လူမှောင်ခိုကုန်ကူးသည့်စခန်းများ တွေ့ရှိခြင်းနှင့် ပတ်သက်ကာ မလေးရှားတရားရုံးတစ်ရုံး၌ ထိုင်းနိုင်ငံသား လေးဦးကို သောကြာနေ့တွင် တရားစွဲဆိုမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းက ထူထပ်သော တောအုပ်များသည် မှောင်ခိုသမားများက လူများအား လှေဖြင့် အရှေ့တောင်အာရှသို့ ပို့ဆောင်ရာတွင် အဓိကခရီးတစ်ထောက်နားရာ ဖြစ်နေသည်။ ထိုသို့ ပို့ဆောင်ရာတွင် အများစုမှာ မြန်မာနိုင်ငံက ဖိနှိပ်မှုများမှ ထွက်ပြေးလာသော၊ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသော ရိုဟင်ဂျာမွတ်စလင် အများစု ဖြစ်ကြသည်။

နှစ်နိုင်ငံနယ်စပ် ထိုင်းဘက်ခြမ်းတွင် ၂၀၁၅ ခုနှစ်က အဆိုပါ စခန်းများနှင့် လူအစုလိုက်သင်္ချိုင်းများ တွေ့ရှိခြင်းကြောင့် ထိုင်းအာဏာပိုင်များက လူမှောင်ခိုကူးသူများကို ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ယင်းသို့ ဖြိုခွင်းခြင်းကြောင့် လူပြည့်သိပ်သော စက်လှေများဖြင့် နယ်စပ်ဧရိယာကို ဖြတ်ကြသော ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာကို လူမှောင်ခိုကူးသူများက ပင်လယ်တွင်း ပစ်ထားခဲ့ခြင်းများ ရှိခဲ့သည်။

၂၀၁၅ ခုနှစ်က အဆိုပါ စခန်းများ တွေ့ရှိမှုအပေါ် နှစ်နိုင်ငံ စုံစမ်းစစ်ဆေးမှု၌ ဆက်စပ် အလိုရှိသူ ယခု လူလေးဦးကို ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံက မလေးရှားသို့ လက်လွှဲပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် မလေးရှားမြောက်ပိုင်း ပါလစ်ပြည်နယ်က တရားရုံး၌ သောကြာနေ့တွင် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင် နာဆူရှင်း အစ္စမေးလ်က ကြာသပတေးနေ့ ထုတ်ပြန်ချက်၌ ပြောသည်။

၎င်းတို့ လေးဦးအနေဖြင့် မည်သည့်စွဲချက်ဖြင့် ရင်ဆိုင်ရမည်ဆိုခြင်းကို ဆိုင်ဖူဒင်က မပြောသော်လည်း မလေးရှားအနေဖြင့် “နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းနေပြီး နယ်မြေဖြတ်ကျော် ရာဇဝတ်မှုများ အထူးသဖြင့် လူမှောင်ခိုကူးမှုနှင့် ရွှေ့ပြောင်းဝင်ရောက်သူများ ဝင်ရောက်ခြင်းများကို အလေးအနက်ထား ဆောင်ရွက်နေကြောင်း” ပြောဆိုသည်။

ယခု လေးဦးမှာ နယ်စပ်စခန်းများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် မလေးရှားနိုင်ငံက ၂၀၁၇ ခုနှစ်မှစကာ လက်လွှဲပေးအပ်ရန် တောင်းဆိုထားသော ထိုင်းနိုင်ငံ ဆယ်ဦးတွင် ပါဝင်သည်ဟု ဆိုင်ဖူဒင်က ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

https://www.reuters.com/world/asia-pacific/malaysia-charge-thai-national...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required