ယခုနှစ်အတွင်း အီကွေဒေါသံရုံးမှ အဆန်းဂ် ထွက်ခွာနိုင်

ယခုနှစ်အတွင်း အီကွေဒေါသံရုံးမှ အဆန်းဂ် ထွက်ခွာနိုင်

ဂွာတီမာလာ၊ မတ် ၃၁ ။        ။ လန်ဒန်ရှိ အီကွေဒေါသံရုံးတွင် ခိုလှုံနေသော ဝီကီလိက်တည်ထောင်သူ ဂျူလီယန်အဆန်းဂ်သည် ယခုနှစ်မတိုင်မီ ယင်းသံရုံးမှ ထွက်ခွာနိုင်သည်ဟု အဆန်းဂ်၏ တရားရေးအဖွဲ့ကို ဦးဆောင်နေသော ထင်ရှားသည့် စပိန်တရားသူကြီးဟောင်းတစ်ဦးက မတ် ၃၀က အေအက်ဖ်ပီသို့ ပြောသည်။

"ကျွန်တော်တို့ ဒါကို စီမံခန့်ခွဲနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ လိုလားတယ်။ ယုံကြည်တယ်"ဟု ရှေ့နေ ဘော့လ်တာဆာဂါဇွန်က  ပြောသည်။ ဂွာတီမာလာတွင် တရားရေးနှင့် စစ်ရာဇဝတ်မှုဆိုင်ရာကွန်ဖရင့်တစ်ခု၏ ကြားကာလအချိန်တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ သံရုံးမှ အဘယ့်ကြောင့် အဆန်းဂ်ထွက်ခွာမည်ဟု ယူဆရခြင်းနှင့် မည်သည့်အခြေအနေတွင် ထွက်ခွာမည် ဆိုသည်နှင့် ပတ်သက်၍ ၎င်းက အသေးစိတ်မပြောကြားခဲ့ပေ။

၂၀၁၀ပြည့်နှစ်က မုဒိမ်းမှုစွပ်စွဲချက်အတွက် ဆွီဒင်အာဏာပိုင်များထံ အပ်နှံရေး အဆန်းဂ်အား ဖမ်းဆီးရန် ဗြိတိန်က တောင်းဆိုနေခြင်းမှာ အဆန်းဂ်၏ ခိုလှုံနိုင်သည့် အခွင့်အရေးကို ချိုးဖောက်နေသည်ဟု ယုံကြည်ကြောင်း ဂါဇွန်က ပြောသည်။ အသက် ၄၄ နှစ်အရွယ် အဆန်းဂ်သည် ၂၀၁၂ကတည်းက အီကွေဒေါသံရုံးတွင် ခိုလှုံနေသူဖြစ်သည်။ အီကွေဒေါက ၎င်းအားနိုင်ငံရေးခိုလှုံခွင့်ပေးထားသည်။

အဆန်းဂ်က မုဒိမ်းမှုစွဲချက်များကို ငြင်းဆိုထားပြီး ဆွီဒင်က ၎င်းအား အမေရိကန်သို့ ပို့မည်ကို စိုးရိမ်သည်။ လျို့ဝှက်အမေရိကန်စစ်ဘက်စာရွက်စာတမ်းများနှင့် သံတမန်ကြေးနန်းသတင်းများဖွင့်ချမှုအတွက် အဆန်းဂ်အား အမေရိကန်က အလိုရှိနေသည်။ အဆန်းဂ်၏ လူ့အခွင့်အရေးကို ချိုးဖောက်ကာ အဓမ္မချုပ်နှောင်ရန် ဗြိတိန်နှင့် ဆွီဒင်တို့က အဆန်းဂ်အား ဖိအားပေးနေသည်ဟု ကုလသမဂ္ဂအဖွဲ့တစ်ခုက ယခုနှစ်တွင် သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly