နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂  ဇွန်  ၂၀၂၃)

By မဇ္ဈိမ 
22 June 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂  ဇွန်  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဥ်တွင် သေဆုံးသူများ၏ ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို စိတ်ခွန်အားပေးသည့်အစီအစဥ်ကို အမျိုးသားညီညွတ် ရေးအစိုးရက ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့်  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၂၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
•    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ထုတ်ပယ်ထားသည့် ဒီပဲယင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဒီပဲယင်းမြို့နယ်အတွင်းရှိ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးထားကြောင်းသိရှိရသည်။
•    နွေဦးဘဏ်မှာ ပထမအဆင့်အနေဖြင့် ငွေကြေး လေးမျိုးနှင့် ဝန်ဆောင်မှုပေးမည့်အပြင် ရွှေပါ စုဆောင်းနိုင်မည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မဇ္ဈိမနဲ့ သီးသန့် အင်တာဗျူး တွင် ပြောသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မကွေးခရိုင် အမှတ် ၂ တပ်ရင်း လေ့ကျင့်ရေးနှင့်စစ်ဆင်ရေး လေ့ကျင့်ပြင်ဆင်မှု မှတ်တမ်း ဓာတ်ပုံများထုတ်ပြန်ထားသည်။
•    မွန်ပြည်နယ်၊ ရေးမြိုနှင့် သံဖြူဇရပ်မြို့အကြားရှိ မော်လမြိုင်-ရေး-ထားဝယ် ၊အမှတ်-၈ ပြည်ထောင်စုလမ်း မကြီးပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုး နေရာယူပြီး KNLA၊ S.O.F နှင့် PDFပူးပေါင်းစစ်ကြောင်း များက နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ပဲခူးတိုင်း၊ တောင်ငူထောင်တွင် အကျဉ်းချခံထားရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ကျန်းမာရေး ဆေးစစ်မှုအခြေအနေ " မဆိုး" ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မဇ္ဈိမသို့ပြောသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်နေသည့်နေရာများကို ပိတ်ပင်မထားဘဲ အတားအဆီး မရှိ သွားရောက်ကူညီခွင့်ပေးရန် စစ်ကောင်စီကို ဗြိတိန်အစိုးရက ထပ်မံတောင်း ဆိုလိုက်သည်။
•    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု သမီးလှ အရှေ့ကမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးရက်တာတိုက်ပွဲအတွင်း စစ်တပ်အရာရှိတစ်ဦးအပါဝင် ခြောက်ဦးသေဆုံး ခဲ့ကြောင်း တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။
•    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက် ၊ မေဓာဝီလမ်းရှိ "မြတ်မောင်" စိန်ရွှေ ရတနာ ဆိုင် ဓါးပြတိုက်ခံရမှုသည် မိမိတို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း တွံတေး PDF က ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
•    နိုင်ငံခြားငွေများဖြင့် လက်နက်နှင့် အခြား ကုန်များ ဝယ်ယူရာတွင် မြန်မာအာဏာသိမ်းစစ်တပ် အသုံးပြု သော ဘဏ်ကြီး နှစ်ခု နှင့် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အမေရိကန် အစိုးရက ဇွန်လ ၂၁ ရက်တွင် အရေးယူပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အရှေ့စံသာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ၅ နှစ်အရွယ် ကလေး သေဆုံးပြီး မိသားစုဝင် အားလုံး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ ၇ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုး စီးနင်းလျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း - MSPDF မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
•    ယင်းမာပင်-ဆားလင်းကြီး ကျေးရွာ ပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၂ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြ ကြောင်း သိရှိရသည်။
•    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနှင့် ဒေသခံကာကွယ်ရေး တပ်များ ပူးပေါင်းထားသောသပိတ်စစ်ကြောင်းသည် ယနေ့တွင် မုံရွာ- မန္တလေး ကားလမ်း မကြီးတနေရာ၌ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
•    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသည့် အိမ်စီး ကားကို ပစ်ခတ်တိုက်ခိုက်မှု ၈ ဦးသေဆုံးပြီး ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူ မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။
•    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ရေးဘီလူး အဖွဲ့က ယနေ့ နံနက် ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံး ကြောင်း ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ပြောသည်။
•    ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်ကောင် စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း Union of Karenni State Youth – UKSY မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်တပ်လက်အောက်ခံ MFTB ဘဏ်နှင့် MICB ဘဏ် တို့ကို အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့ဒဏ် ခတ်လိုက်ရာ ယင်းဒဏ်ခတ်မှုကို စစ် အာဏာရှင် တော်လှန်ရေး အင်အားစုများက ကြိုဆိုကြောင်း ကြေညာ ချက်ထုတ်ပြန်သည်။
•    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခင်မကန်ကျေးရွာနှင့် ယုန်ထိုးကျေးရွာအနီး၌ ဇွန်၂၀ ရက်က စစ်ကောင်စီ တပ်နှင့် မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ရာ PDF ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
•    အာဆီယံအနေဖြင့် အဆင့်မြင့်အစည်းအဝေးများတွင် စစ်ကောင်စီကို မဖိတ်ဘဲ ဖယ်ထုတ်ထားရ မည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အန်ဒရူးက ပြောဆိုလိုက်သည်။
•    ချင်းပြည်နယ်၊ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဆေးရုံဖွင့်လှစ်အပြီး တစ်လကျော်အတွင်း လူနာ ၂၀၀ ကျော်ကိုကုသမှုပေးခဲ့နိုင်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ဖားကန့်မြို့နယ်တွင် ယမန်နေ့ နံနက်က KIA အုပ်ချုပ်ရေးရုံး ဝင်ရောက်စီးနင်းခံရချိန် သုံးဦး သေဆုံး ခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
•    ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ မယ်စဲ့မြို့နယ်တိုက်ပွဲများတွင် စစ်တပ်၏ နယ်ခြားစောင့် တပ်နှစ်ခု အသွင်ပြောင်းထားသည့် ကလလတ တပ်ရင်း ၂ ခုက ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။
•    မြန်မာ-ထိုင်း နယ်စပ်မျဉ်းပေါ်မှာ ရှိနေသည့် တပ်စခန်း ၅ ခု ဆုတ်ခွာပေးရန် အတွက် ထိုင်းနိုင်ငံ ၏ တောင်းဆိုချက်ကို လက်ခံမှာ မဟုတ်ကြောင်း UWSA က  ဇွန်လ ၂၁ ရက်တွင် တုံ့ပြန် လိုက် သည်။
စစ်ကောင်စီ
•    ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာအား ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၁နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေ ကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း စစ်ဘေးရှောင် ကူညီဆောင်ရွက်နေသူနှင့် ဒေသခံများထံက သိရသည်။
•    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့အနီးရှိအင်းလေးကန် ရေရှည်ထိန်းသိမ်းစောင့် ရှောက် ရေး အတွက် စစ်ကောင်စီမှ ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၇၀၀ ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆည်မြောင်နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ကျော်ကျော်ဦးက ပြောသည်။
•    မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ဖော်ဆောင်မည့် လေအားစွမ်းအင်မှ လျှပ်စစ် ထုတ်လုပ်မည့်စီမံကိန်း(၃)ခုအတွက် ရုရှားအခြေစိုက် Nova Wind JSC ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MOU)လက်မှတ်ရေးထိုးလိုက် ပြီ ဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
•    ထိုင်းကို အလုပ်သမားပို့နေသည့်  ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆ ခုကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်း လိုက်ကြောင်း စစ်ကောင်စီအလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက ပြောသည်။
•    ပြည်ပခရီးသွားများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်စေဖို့အတွက် မက်လုံးပေးသည့်အနေဖြင့် အထူး ဈေးနှုန်းပေး အစီအစဉ်များ၊ Tax Refund ပေးသည့်အစီအစဉ်များ ဆောင်ရွက်ရန်လိုကြောင်း အာဏာလု အကြမ်းဖက်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောသည်။
•    နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပြည်သူ့အလုပ်သမားပါတီနှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကို မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း အကြမ်း ဖက်စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဇွန် ၂၁ ရက်က ကြေညာသည်။
•    လက်နက်ကိုင် ၅ ဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC တို့ လာမယ့် ဇွန် ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ ရက်ကြာ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး PPST ယာယီ ဦးဆောင် အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
•    အနုပညာဖန်တီးမှုများကို မူပိုင်ခွင့်ရရှိသူများဆီက ခိုးယူပြီး သမားရိုးကျနည်းလမ်း ဒါမှမဟုတ် အွန်လိုင်းပလက် ဖောင်းများကနေ ထုတ်လွှင့်ဖြန့်ချိနေသူများကို အရေးယူနိုင်ရေး စီမံဆောင် ရွက်သွား မည်ဟု အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ရဲတင့်ကပြောသည်။
•    တနင်္သာရီတိုင်း မြိတ်-ထားဝယ်- ပုလော လမ်းပိုင်းကို စစ်ကောင်စီက ခရီးသွားလာခွင့် နှစ်ရက်နီး ပါး ပိတ် ထားရာမှ ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဒေသတွင်း ခရီးသည်တင် ယာဉ်လိုင်းများထံက သိရသည်။
•    ရန်ကုန်တိုင်းဒေသကြီးအတွင်း Biometric အချက်အလက်များကောက်ယူရာမှာ ဦးတည်အုပ်စု (၆)အုပ်စု သတ်မှတ်ပြီး မြို့နယ်(၄၅)မြို့နယ်မှာ တစ်ပြိုင်နက်တည်း ကောက်ယူသွားမည် ဖြစ် ကြောင်း အကြမ်းဖက် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်စိုးသိန်းက ပြောဆို ချက်ကို ကိုးကား၍ One News သတင်းတွင် ဖော်ပြထားသည်။
ဇွန် ၂၂ ရက် သုံးသပ်ချက်
•    အာဏာလုပြီး တစ်နိုင်ငံလုံးတွင် ရွာများကို မီးရှို့ လူသတ်မှုများ ကျူးလွန်နေသည့် စစ်တပ်နှင့် လက်နက်ကိုင် ၅ဖွဲ့ ဆွေးနွေးမည်ဟုဆိုခြင်းသည် ရလဒ်မထွက်သည့်အပြင် ယင်းတိုင်းရင်းသား လက်နက်ကိုင်များအတွက်လည်း  အကျိုးမရှိဘဲ ပြည်သူ့အမုန်းကိုသာရရှိမည်ဖြစ်သည်။
•    အမေရိကန်မှ စစ်ကောင်စီ၏ နိုင်ငံခြားဝင်ငွေအဓိကစီးဆင်းနေသည့် ဘဏ်နှစ်ခုပိတ် လိုက်ခြင်း ကြောင့် စစ်ကောင်စီအတွက် နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly