ကော့ကရိတ်မြို့ စစ်ကောင်စီတပ်စခန်းကုန်း အတိုက်ခံရပြီး ၁၀ဦးကျော်သေဆုံးကာ အများအပြားဒဏ်ရာရ

By သွင်ထူးဈာန် (မဇ္ဈိမ)
22 June 2023
ကော့ကရိတ်မြို့ စစ်ကောင်စီတပ်စခန်းကုန်း အတိုက်ခံရပြီး ၁၀ဦးကျော်သေဆုံးကာ အများအပြားဒဏ်ရာရ

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၆)ထိန်းချုပ်ရာနယ်မြေ ကော့ကရိတ်မြို့ တမိုင်းကုန်းကျေးရွာရှိ ရေကူးကန်စစ်ကောင်စီတပ်စခန်းကုန်း စကစ(၁၉)ကို ဇွန်လ၂၁ရက်နေ့ နေ့လယ် ၁၁နာရီဝန်းကျင်တွင် KNU/KNLA တပ်ရင်း(၁၈)၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 ရေကူးကန်စခန်းသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းနေရာကို  ဝင်ရောက်အခြေစိုက်ခဲ့သည့် နေရာဖြစ်သည်။ 

”ကျနော်တို့က အဲ့နေ့မတိုင်ခင်ကတည်းက အဲ့စခန်းကို စနိုက်ပါနဲ့ချောင်းပစ်တယ်၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တယ်၊ ဒရုန်းတစွစီးဆုံးရှုံးခဲ့တယ်၊ ၂၁ရက်နေ့ကတော့ ကျနော်တို့ အချိန်ယူပြီး သေချာဝင်ရောက်တိုက်ခိုက်ခဲ့တာပါ၊ သူတို့ဘက်က ရှစ်ယောက်ကျော်သေတယ်၊ ကျနော်တို့ဘက် တစ်ဦးကျပါတယ်” ဟု နဂါးဖြူစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုမင်းမှပြောသည်။ 

 ယင်းနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အထိအခိုက်အကျအဆုံးများသဖြင့် တိုက်လေယာဉ်များအသုံးပြုကာ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ တစ်နေကုန် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 အာဏာသိမ်းပြီးနှစ်နှစ်ကျော်ကာလဖြစ်သည့် ၂၀၂၃ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် ခုခံစစ်မှ ထိုးစစ်သို့ ပြောင်းလဲစစ်ဆင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းများသည် ယခုအခါ ခုခံစစ်ဖြင့်သာ ရင်ဆိုင်နေကြရသည်။

စာတည်း - သန့်ဇော်(သန်လျင်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly