NUG လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟုဆိုကာ လူ ၃၀ ဦး အမှုဖွင့်ခံရ

By 001 (မဇ္စျိမ)
22 June 2023
NUG လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟုဆိုကာ လူ ၃၀ ဦး အမှုဖွင့်ခံရ

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ (CRPH)တို့၏ လှုံ့ဆော်မှုများကို လိုက်ပါဆောင်ရွက်သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး နေပြည်တော်မှ အမျိုးသမီးတစ်ဦးအပါအဝင် လူ ၃၀ ဦးမှာ တစ်ရက်တည်း ဖမ်းဆီးအမှုဖွင့်ခံထားရကြောင်း စစ်ကောင်စီ၏ ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

၎င်းတို့မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ လူပုဂ္ဂိုလ်များသည် facebook အကောင့်၊ tiktok အကောင့်တို့မှ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သည့်အတွက် ဖမ်းဆီးအမှုဖွင့်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲထားပြီး အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။

အဆိုပါ လူ ၃၀ ဦးတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှ မကေစင်မိုးဝေ၊ ရန်ကုန်တိုင်းမှ မမြကေခိုင်၊ မပန်းအိနွယ်၊ မွန်ပြည်နယ်မှ မသီတာတို့မှာ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် Facebook နှင့် tikok တွင် ပန်းသပိတ်ဆင်နွှဲခဲ့သည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်အချို့တွင် ဖမ်းဆီးရန် လှုံ့ဆော်ခံထားရသူများထဲတွင် ပါဝင်ကြောင်း တွေ့ရသည်။

အာဏာသိမ်းပြီးနောက်  စစ်ကောင်စီကို ဆန့်ကျင်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသူများ၊ သတင်းဌာနများအောက်တွင် မှတ်ချက်ပေးသူများကိုပင် စစ်ကောင်စီက ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် ဆိုရှယ်မီဒီယာ(facebook)ပေါ်မှာပင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားနိုင်ခွင့်မှာ ဆိုးဆိုးရွားရွားချိုးဖောက်ခံနေရပြီး တင်လိုက်သော ပိုစ့်တစ်ခု၊ ပုံတစ်ပုံကြောင့် အိမ်အထိလာရောက်ဖမ်းဆီးခြင်းများကို ပတ်ဝန်းကျင်တွင် တောက်လျှောက်ကြုံတွေ့နေရကြောင်း အသံအဖွဲ့က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။

“နိုင်ငံတကာတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် လူသားတိုင်းအတွက် အခြေခံရပိုင်ခွင့်တစ်ခုဖြစ်နေပြီး ဥပဒေများဖြင့်ပါ ထိုအခွင့်အရေးများကို အကာအကွယ်ပေးထားသော်လည်း မြန်မာနိုင်ငံတွင်မူ အွန်လိုင်းပေါ်တွင်ရေးသား၊ ထုတ်ဖော်သည့်အခါတိုင်း ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေး၊ မိသားစုများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်တို့ကိုပါ ရင်း၍ ထုတ်ဖော်ပြောဆိုနေကြရသည်”ဟု အသံအဖွဲ့က ဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly