တရုတ်က ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ပြောကြား

တရုတ်က ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးဟောင်း ပြောကြား

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ကမ္ဘာ့ခေါင်းဆောင်ကြီးဖြစ်ကြောင်းနှင့် အိန္ဒိယနှင့် အမေရိကန်အတွက် အဓိက စိန်ခေါ်မှုမှာ တရုတ်ကို ကိုင်တွယ်ရမည့်ကိစ္စရပ်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေး အကြံပေး ဟောင်း ဂျွန်ဘော်လ်တန်က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်မိုဒီ၏ အမေရိကန်သို့ ပထမဆုံးနိုင်ငံတော်ခရီးစဉ်နှင့် ပတ်သက်ပြီး ANI နှင့် သီးသန့်တွေ့ဆုံခန်းတွင် အမေရိကန်နှင့် အခြားနိုင်ငံမှ ကုမ္ပဏီအများအပြားသည် တရုတ်တွင် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်း စဉ်များကို လျှော့ချလာသည့်အတွက် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေး မည်ဟု ယုံကြည်ကြောင်း ဘောလ်တန်က ပြောကြားခဲ့သည်။

“အိန္ဒိယရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တော့ ကမ္ဘာခေါင်းဆောင်တစ်ဦးပါပဲ။ မိုဒီမှာ အကြောင်းအရာများစွာနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ ထင်မြင်ယူဆချက်တွေကို ရှိထားပြီး၊ ဝါရှင်တန်မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေ ထဲက တစ်ခုကတော့ နှစ်နိုင်ငံကုန်သွယ်ရေး၊ အိန္ဒိယက WTO မှာ ပါဝင်ဆောင်ရွက်လာရေးနဲ့ စီးပွားရေးပိုင်း ဆိုင်ရာ နိုင်ငံတကာရေးရာတွေမှာပါ ပိုမိုကျယ်ပြန့်စွာ ပါဝင်လာရေးဖြစ်ပါတယ်" ဟု နိုင်ငံတော်လုံခြုံရေး အကြံပေးဟောင်းက ပြောကြားခဲ့သည်။

အင်္ဂလိပ်စကားပြောလူဦးရေများပြားခြင်းကြောင့် အိန္ဒိယကို ဆွဲဆောင်မှုရှိသည့် ဈေးကွက်အဖြစ် ကုမ္ပဏီများက ရှုမြင်ထားကြောင်းနှင့် အမေရိကန်နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံစလုံးအတွက် သိသာ ထင်ရှားသောအကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
"အမေရိကန်၊ ဂျပန်နဲ့ ဥရောပ ကုမ္ပဏီတွေက တရုတ်မှာ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းစဉ်တွေကို မတိုးချဲ့ဘဲ၊ လျှော့ချနေလို့ အိန္ဒိယက အခွင့်အလမ်းတွေ အများကြီးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပစိဖိတ်နှင့် အိန္ဒိယနယ်နိမိတ်တစ်လျှောက်ရှိ နိုင်ငံများကို တရုတ်က သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေကြောင်း ဘော်လ်တန်က ပြောကြားခဲ့သည်။

“အိန္ဒိယနဲ့ အမေရိကန်က ထိပ်တိုက်ရင်ဆိုင်ရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုက တရုတ်ကို ကိုင်တွယ်ရမယ့် ကိစ္စလို့ ကျွန်တော် ထင်ပါတယ်။ အမေရိကန်နိုင်ငံရေးပါတီတွေက တရုတ်နဲ့ ပတ်သတ်ရင် ဘုံသဘောတူညီချက် ရှိထားပြီး အမေရိကန်၊ ကမ္ဘာတစ်ဝန်းက မိတ်ဖက်နဲ့ မဟာမိတ်တွေကို အဓိက ခြိမ်းခြောက်မှုကြီးတစ်ခုလို့ ရှုမြင်ပြီး အာရှမှာတင်မကဘဲ တခြားဒေသတွင်းနိုင်ငံတွေကိုပါ သြဇာလွှမ်းမိုးဖို့ တရုတ်က ကြိုးစားနေပါတယ်။ အိန္ဒိယရဲ့အကျိုးစီးပွားက အမေရိကန်နဲ့ ပိုပြီးနီးနီးစပ်စပ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒီအမြင်ကို ဝန်ကြီး ချုပ်မိုဒီက ပိုပြီးလက်ခံလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဘော်လ်တန်က ပြောကြားခဲ့သည်။

ဝန်ကြီး ချုပ်မိုဒီ၏ ခရီးစဉ်သည် အရေးကြီးကြောင်း ဘော်လ်တန်က ပြောကြားခဲ့ပြီး နှစ်နိုင်ငံစလုံးသည် ပြဿနာ ပေါင်းစုံအတွက် နောက်ထပ် ဆွေးနွေးစရာများစွာ ရှိနေကောင်း ပြောကြားခဲ့သည်။

“ဒီခရီးစဉ်က အရမ်းအရေးကြီးပါတယ်။ အိန္ဒိယနဲ့ အမေရိကန်က နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး၊ ကဏ္ဍပေါင်း စုံနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကိစ္စတွေအပါအဝင် ဆွေးနွေးစရာတွေ အများကြီးရှိနေပြီး အရေးကြီးတဲ့ ဆုံးဖြတ် ချက်တွေချဖို့ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အထူးသဖြင့် ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှု တွေကို အိန္ဒိယက ဘယ်လိုရင်ဆိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အရေးကြီးပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုက အဓိပ္ပာယ်အများကြီးရှိပါတယ်” ဟု ဘော်လ်တန်က ပြောကြားခဲ့သည်။

ကာကွယ်ရေးကဏ္ဍတွင် ထင်သာမြင်သာရှိသော ရလဒ်များနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုအတွက် ကာကွယ်ရေးကဏ္ဍသည် အရေးကြီးဆုံးကိစ္စရပ်ဖြစ်ကြောင်းနှင့် ရုရှားထုတ် S-400 ဝယ်ယူမှုကြောင့် အိန္ဒိယကို အမေရိကန်က  ခေတ်မီနည်းပညာများ မျှဝေရန် ခက်ခဲကြောင်း ဘော်လ်တန်က ပြောကြားခဲ့သည်။

https://aninews.in/news/world/us/former-us-nsa-calls-pm-modi-a-global-le...
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly