စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ

By YT  ( မဇ္ဈိမ)
22 June 2023
စစ်ကောင်စီအမြောက်တပ်က ပစ်ခတ်မှုများကြောင့် ဆယ်ကျော်သက် လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာ အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ဆယ်ကျော်သက်လူငယ် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒူးပလာယာခရိုင်က ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

" ဒီလိုပဲလေ နေ့တိုင်း၊ ညတိုင်း ကိုပစ်နေတာပါ၊ ဒီနေ့လည်း ပစ်နေတာပဲ ရွာတွေထဲ မကျတာပဲရှိတာ" ဟု ဒေသခံတစ်ဦးက ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က မဇ္ဈိမကိုပြောသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့၊ ညနေပိုင်းမှ စတင်၍ မုဒုံမြို့၊ အဘစ်ကျေးရွာအခြေစိုက် အမတ (၃၁၈) မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းသို့ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးကျည် ထိမှန်၍ တံခွန်တိုင်ကျေးရွာမှ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦးနှင့် ပူးလိန်ကျေးရွာမှ ဆယ်ကျော်သက် လူငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရသူများမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၅) ရပ်ကွက်၊ ကုလားပိုင်းနေ အသက် ၁၆ နှစ်အရွယ် မောင်မိုးဒီ၊ ၎င်း​၏ အစ်ကိုဖြစ်သူ အသက် ၁၈ နှစ်အရွယ် မောင်လူပုနှင့် ပူးလိန်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ဝင်းထွန်းပိုင်တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့၊ ညနေပိုင်းကလည်း အဘစ်အခြေစိုက် အမတ (၃၁၈) မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ အမှတ် (၁) ရပ်ကွက်မှ ဒေသခံနေအိမ်တစ်လုံးနှင့် ကားတစ်စီး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။ 

ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းတွင် ၂၀၂၃ ခုနှစ်၊ နှစ်အစပိုင်းမှစ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အထိ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်​၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ဒေသခံနေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်​များ​၏ တပ်ရင်းများ၊ ရဲစခန်းများ၊ ကင်းစခန်းများ၊ လုံခြုံရေးဂိတ်များအပြင် အုပ်ချုပ်ရေးရုံးများ၊ အဆောက်အအုံများအား တော်လှန်ရေးအင်အားစုများက ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်နေပြီး ထိုသို့ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိကြောင်း သိရသည်။ 

အဘစ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၁၈) မှ စစ်ကောင်စီတပ်သားများသည် KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာ၊ ပူးလိန်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ နန်းသိုင်းထွန် ကျေးရွာများအတွင်းသို့ မကြာခဏလက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly