စစ်ကောင်စီဘဏ် ၂ခုကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု တော်လှန်အင်အားစုများကြိုဆို၊ လူထုအပေါ် အကြမ်းဖက်မှုသက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှု ဖြတ်တောက်လိုက်ခြင်းဟုဆို

By 001 (မဇ္စျိမ)
22 June 2023
စစ်ကောင်စီဘဏ် ၂ခုကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု တော်လှန်အင်အားစုများကြိုဆို၊ လူထုအပေါ် အကြမ်းဖက်မှုသက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှု ဖြတ်တောက်လိုက်ခြင်းဟုဆို

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB)တို့ကို အမေရိကန်အစိုးရက  ပိတ်ဆို့အရေးယူလိုက်ခြင်းသည် စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှုအား ဖြတ်တောက်လိုက်ခြင်းဖြစ်သောကြောင့် ထောက်ခံကြိုဆိုကြောင်းတော်လှန်ရေးအင်အားစုများက ကြေညာချက်ထုတ်ပြန်သည်။

စစ်‌ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်‌ကောင်စီထိန်းချုပ်ထားသော အထက်ပါ ဘဏ် နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရက ဇွန်လ ၂၁ရက်တွင် ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ဇွန် ၂၁ရက်တွင် ထုတ်ပြန်‌သော အဆိုပါ ကြေညာချက်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ MFTB နှင့် MICB ဘဏ်တို့သည် စစ်အာဏာရှင်အဖွဲ့အစည်း၏ နိုင်ငံရေးနည်းလမ်းအရသတ်မှတ်ထားသည့် အုပ်ချုပ်ရေးအပိုင်းအခြားများ၊ အေဂျင်စီများ (သို့မဟုတ်) စစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့်အတွက် သမ္မတ၏အမိန့်အမှတ် ၁၄၀၁၄ အရ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

ထိုကြေညာချက်ကို ထောက်ခံကြိုဆိုကြောင်း တော်လှန်ရေးအင်အားစုများဖြစ်သည့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)၊ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး (GMSR) နှင့် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု (BMC) တို့က ဇွန်လ ၂၁ရက်တွင် ချက်ချင်း ထုတ်ပြန်ခဲ့သည်။

" အမေရိကန်အစိုးရမှ အကြမ်းဖက်စစ်အုပ်စု ဦးစီးနေသည့် နိုင်ငံပိုင်ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ခြင်းသည် အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေမည့် ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်" ဟု တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဖိနှိပ်အကြမ်းဖက်မှုများကို ရပ်တန့်စေရန်မှာ အကြမ်းဖက်စစ်အုပ်စု၏ သက်ဆိုးရှည်စေမည့် ငွေကြေး စီးဆင်းမှုများ၊ တရားဝင်မှုပြုရေးများကို ဖြတ်တောက်မှသာလျှင် ရပ်တန့်စေနိုင်မည်ဖြစ်သောကြောင့် အမေရိကန်အစိုးရနည်းတူ အရေးယူခြင်းများကို ဉပရောပအဖွဲ့အစည်းများ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများကပါ လုပ်ဆောင်ကြရန် တော်လှန်ရေးအင်အားစုများက ဆက်လက် တိုက်တွန်းထားသည်။ 

MFTB ဘဏ်နှင့်  MICB ဘဏ်တို့ ဒဏ်ခတ်ပိတ်ဆို့ခံရမှုမှာ ပုဂ္ဂလိကကုန်သွယ်​ရေးကဏ္ဍကို ထူးထူးခြားခြား သက်​ရောက်မှုမရှိနိုင်ဘဲ စစ်ကောင်စီ၏ နိုင်ငံချင်းပူးပေါင်းလုပ်ဆောင်မှုများကို ထိခိုက်နိုင်ကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

“လက်ရှိလုပ်နေတဲ့ ပို့ကုန်၊သွင်းကုန် ပုံစံက ဒီဘဏ်တွေကို မလိုဘူး။ အဲ့ဒီဘဏ်တွေမရှိလည်း လုပ်လို့ရနေတယ်။ အရင် Trade(ကုန်သွယ်မှု) လုပ်လည်း MFTB ၊ MICB ဘဏ်မှာ အကောင့်မရှိလည်း ပုဂ္ဂလိကဘဏ်တွေမှာ ရှိမယ်ဆိုရင်လည်းလုပ်လို့ရတယ်။ ဒါပေမဲ့ G to G (အစိုးရအချင်းချင်း) လုပ်တဲ့အခါမျိုးကျရင်တော့ ဒီပိတ်ဆို့မှုက အကျိုးသက်ရောက်မှုရှိနိုင်တယ်”ဟု ဆိုသည်။

အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုသည် စစ်ကောင်စီကို အထိနာစေကြောင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လေ့လာသူများက သုံးသပ်ထားသော်လည်း 
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုဘဏ်နှစ်ခုမှာ အမေရိကန် အခြေစိုက်သည့် ဘဏ်များ၊ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိကြောင်းနှင့် ပူပန်စရာမလိုကြောင်း ပြောဆိုထားသည်။ သို့သော်အမေရိကန် ပြည်ထောင်စုအနေဖြင့် စီးပွားရေးအရ၊ နိုင်ငံရေးအရ အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီက ညည်းတွားထားသည်။

အမေရိကန်အစိုးရ၏ ယခုအရေးယူပိတ်ဆို့မှုသည် တော်လှန်ရေးခရီးအတွက် အထောက်အပံ့များဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကြံ့ကြံ့ခံကာ  အတူရင်ဆိုင်ကြပြီး အကြမ်းဖက်စစ်အုပ်စု၏ သက်ဆိုးရှည်စေမှုမှန်သမျှ ဖြတ်တောက်၍ လိုချင်‌ သောပန်းတိုင်အထိ အတူတကွလျှောက်လှမ်း တိုက်ပွဲဝင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

စာတည်း - မောင်ကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly