သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" ဟု ဒေါက်တာဝင်းမြတ်အေးပြော

By 001 (မဇ္စျိမ)
22 June 2023
သမ္မတကြီး ဦးဝင်းမြင့် ကျန်းမာရေးဆေးစစ်မှု အခြေအနေ " မဆိုး" ဟု ဒေါက်တာဝင်းမြတ်အေးပြော

ပဲခူးတိုင်း၊ တောင်ငူထောင်တွင် အကျဉ်းချခံထားရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို ကျန်းမာရေးဆေးစစ်မှုအခြေအနေ " မဆိုး" ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်ထားသော သမ္မတဦးဝင်းမြင့်၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်သော ကောလာဟလများ လူမှုကွန်ရက်တွင် ထွက်ပေါ်လာပြီးနောက်  NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။
 
“သမ္မတကြီး (ကျန်းမာရေး)နဲ့ ပတ်သက်ရင် အဘက်ဘက် စုံစမ်းရသလောက်တော့ သတင်းအမှားဖြစ်တယ်။ သူက အနေအထိုင်ရော အစားအသောက်ရော အဆင်ပြေနေတယ်။ ပြီးခဲ့တဲ့ အပတ်က ကျန်းမာရေးစစ်တာလည်း မဆိုးဘူးလို့ပြောပါတယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဖမ်းဆီးခံထားရသူ ထိပ်ပိုင်းခေါင်းဆောင်များနှင့်ပတ်သက်သော အမှုအခင်းရေးရာများကို စောင့်ကြည့်နေသူ တရားရုံးနှင့်နီးစပ်သော အသိုင်းအဝိုင်းကလည်း သမ္မတဦးဝင်းမြင့်၏ ကျန်းမာရေးအဆင်ပြေသည်ဟု မဇ္ဈိမကိုပြောသည်။ သို့သော် လုံခြုံရေးအရစိုးရိမ်ရသည့်အတွက် အသေးစိတ်ဖြေကြားရန် ငြင်းဆိုကြသည်။ 

အသက် ၇၂ နှစ်အရွယ် သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက အဂတိအမှုများအပါအဝင် အမှုပေါင်း ရှစ်မှုဖြင့် စွပ်စွဲပြီး ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့သည်။ ထို့နောက် နေပြည်တော်အတွင်း သီးသန့်ထိန်းသိမ်းထားသည့် နေရာတစ်ခုမှ ပဲခူးတိုင်း ၊ တောင်ငူတောင်သို့ ပြီးခဲ့သည့် ဇန်နဝါရီလက စတင်ပြီး ပြောင်းရွှေ့ချုပ်​နှောင်ခဲ့ခြင်းဖြစ်သည်။

သမ္မတအနေဖြင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးမကောင်းမွန်သည့်အတွက် ဆီးပိုက်တပ်ထားရကြောင်း ယခုဇွန်လအတွင်းက သတင်းများက ရေးသားခဲ့ကြသည်။ စစ်ကောင်စီကတော့ အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသည်။

စစ်တပ်က အာဏာသိမ်းပြီး​နောက် နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီ ထိပ်​ပိုင်း​ခေါင်း​ဆောင်များ၊ လွှတ်တော်အမတ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများအပါအဝင် ထောင်ပေါင်းများစွာကို ဖမ်းဆီးထားခဲ့သည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လက်မခံသောကြောင့် လက်ရှိအချိန်အထိ ဥပဒေမဲ့ မတရားဖမ်းဆီးထိမ်းသိမ်းခံထားရသူ  ၉,၂၀၂ ဦး ကျန်ရှိရာတွင် လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦး အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၁,၂၀၀ ဦးပါဝင်​ကြောင်း NLDပါတီက ဇွန်လ ၁၃ရက်​နေ့တွင် ထုတ်ပြန်ထားသည်။

စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly