အာဆီယံက စစ်ကောင်စီကို တာဝန်ခံခိုင်းရမည်ဟု ကုလသမဂ္ဂ အထူးသံတမန် ပြော 

အာဆီယံက စစ်ကောင်စီကို တာဝန်ခံခိုင်းရမည်ဟု ကုလသမဂ္ဂ အထူးသံတမန် ပြော 
Photo-AFP

ပဋိပက္ခဖြစ်ပွားနေရာ မြန်မာနိုင်ငံ၏ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မြန်မာစစ်အုပ်ချုပ်သူများ တာဝန်ခံလာရအောင် လုပ်ငန်းစဉ်များကို ချမှတ်ပြဋ္ဌာန်းနိုင်ရေး စဉ်းစားသုံးသပ်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထူးသံတမန်တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောပြီး အာဆီယံအဖွဲ့ကြီးအနေဖြင့် ဖြစ်ပွားဆဲ ပဋိပက္ခကို မည်သို့ ဖြေရှင်းရမည်ဆိုခြင်း၌ “အကျပ်အတည်းဆိုက်နေသည်” ဟု ဖြည့်စွက်ဆိုသည်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေဖြင့် ၂၀၂၁ ၌ အာဏာသိမ်းခဲ့သော မြန်မာစစ်ကောင်စီနှင့် အဖွဲ့ကြီးကြား သဘောတူထားသော ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးတွင် တိုးတက်မှု ရှိမနေ၍ မြန်မာစစ်ခေါင်းဆောင်များနှင့် ချိတ်ဆက်ပတ်သက်ခြင်း မပြုသင့်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးက ပြောသည်။ 

“လူ အသေအဆုံးများတဲ့ မတိုးသာ မဆုတ်သာ အခြေအနေကို ကျော်လွှားနိုင်ဖို့ မတူတဲ့ ရွေးချယ်မှုတွေကို စဉ်းစားရတော့မယ့် အချိန်ပါပဲ”ဟု ဂျကာတာက သတင်းစားရှင်းလင်းပွဲ၌ ၎င်းက ပြောသည်။ “စစ်ကောင်စီကို ၎င်းရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အရှက်မရှိ ဗြောင်ကျကျ အရေးမစိုက်တာတွေအတွက် တာဝန်ခံခိုင်းဖို့ အာဆီယံအနေနဲ့ လုပ်ငန်းစဉ်တွေ စဉ်းစားရလိမ့်မယ်”ဟု ၎င်းက ဆိုသည်။ 

ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်သော ဘုံသဘောတူညီချက် ငါးရပ်တွင် ရန်လိုမှုများ ချက်ချင်းရပ်တန့်ရေး၊ လူသားချင်း စာနာထောက်ထားရေး အကူအညီများ လက်ခံရေးနှင့် ပဋိပက္ခဖြစ်ပွားနေရာ နိုင်ငံအတွင်း ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်ရေးအတွက် အားလုံးပါဝင်သော ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးကို တောင်းဆိုထားခြင်း ဖြစ်သည်။ 

နိုဝင်ဘာလအတွင်းက အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ကောင်စီအား သတိပေးချက် ထုတ်ပြန်ခဲ့ပြီး “သီးခြားအချိန် သတ်မှတ်ချက်နှင့်အတူ ခိုင်မြဲပြီး လက်တွေ့ကျသော လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်” လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဖြစ်ထွန်းတိုးတက်မှု ကင်းမဲ့ခြင်းနှင့် စစ်ကောင်စီက အတိုက်အခံများကို တိုက်ခိုက်နေခြင်းများကြောင့် စိတ်ပျက်မှုများ တိုးပွားလာခဲ့သည်။ 

အင်ဒရူး၏ ယခု မှတ်ချက်ပြုစကားသည် နိုင်ငံပိုင် မြန်မာဘဏ်နှစ်ခုအား အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရန် စီစဉ်ခြင်းနှင့် အဆင့်မြင့် အာဆီယံအစည်းအဝေးများမှ တားမြစ်ခံရသည့် စစ်ကောင်စီ ခေါင်းဆောင်များနှင့် ပြန်လည်ချိတ်ဆက်ရေးအတွက် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ဒေသတွင်း သံတမန်များ အစည်းအဝေးကြောင့် မနှစ်မြို့မှုများ ရှိနေချိန်၌ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ထိုင်းနိုင်ငံ အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအပါအဝင် အဓိက အာဆီယံနိုင်ငံများက ရှောင်ကြဉ်ခဲ့ကြသည်။ 

ထိုင်းနိုင်ငံက အစည်းအဝေးသည် “စစ်ကောင်စီအား အသိအမှတ်ပြုသည့် အန္တရာယ်များသော သက်ရောက်မှုများ ဖြစ်နိုင်ပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ယိုင်နဲ့စေကြောင်း” အင်ဒရူးက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

https://www.reuters.com/world/asia-pacific/intl-community-must-reassess-...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required