အမှတ်(၃၄၄)အမြောက်တပ်တွင် အချင်းချင်းပစ်ခတ်ရာမှ တပ်ကြပ်ကြီးသေဆုံး

By မင်းထက် (မဇ္စျိမ)
21 June 2023
အမှတ်(၃၄၄)အမြောက်တပ်တွင် အချင်းချင်းပစ်ခတ်ရာမှ တပ်ကြပ်ကြီးသေဆုံး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် အမှတ်(၃၄၄)အမြောက်တပ်မှ စစ်ကောင်စီတပ် သားနှစ်ဦး ခိုက်ရန်ဖြစ်ပွားပြီး အချင်းချင်းပစ်ခတ်ရာမှ တပ်ကြပ်ကြီးတဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။

အမှတ်(၃၄၄)အမြောက်တပ်ရှိ စစ်ကောင်စီတပ်သားနှစ်ဦးသည် ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် တပ်အ တွင်း၌ အရက်မူးကာစကားများရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြော သည်။

သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ် တပ်ကြပ်သန့်စင်ဖြစ်သည်ဟုသိရပြီး ဦးခေါင်းတွင် သေနတ်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ခေါင်းကို သေနတ်နဲ့သုံးချက် ပစ်ထားတာ၊ ခေါင်းတစ်ခုလုံး မွနေတာပဲ။ အဲ့ဒီကိစ္စကို သေနတ်သန့်ရှင်းရေး လုပ်ရင်း ကျည်မတော်တဆထွက်ပြီး သေတာလိုလို၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလိုလို စစ်တပ်ဘက် က သတင်းလွှင့်ထားတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသူ၏ရုပ်အလောင်အား ရေကြည်မြို့နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ တိတ်တဆိတ် သယ်ဆောင်သွားကြကြောင်း၊ ဆေးရုံရောက်သည့်အချိန်မှသာ သေဆုံးမှုကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း ၎င်း ကပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် တပ်ကြပ်သန့်စင်၏ရုပ်အလောင်းအား စစ်ကောင်စီတပ်က ရေကြည်မြို့နယ် အတွင်းရှိ သုသာန်တခု၌ တိတ်တဆိတ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

“သေတဲ့လူက လူပျိုကြီး၊ အသက်ကလည်း ၅၆ နှစ်ဆိုတော့ မိဘတွေလည်း မရှိတော့တဲ့ပုံပဲ။ ဒါကြောင့် စစ်တပ်က သတင်းဖျောက်လို့ ကောင်းတာပေါ့” ဟု သတင်းရင်းမြစ်က ပြောသည်။

အမှတ်(၃၄၄)အမြောက်တပ်သည် အင်အား ၃၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်စခန်းတခုဖြစ်ပြီး ၎င်း တို့လက်အောက်ခံ ရဲတပ်ဖွဲ့များနှင့်ပေါင်းကာ ရေကြည်မြို့နယ်အတွင်းနေထိုင်သည့် ပြည်သူများအား မကြာခဏ ဖမ်းဆီးနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လ ၁၂ ရက်နေ့ကလည်း မအူပင်မြို့မရဲစခန်းမှူး ညွှန့်လှိုင်(ယခု ဘိုကလေး စခန်းမှူး)က အရက်မူးကာ ရဲတပ်သားသစ်တဦးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးမှုဖြစ်ပွားခဲ့သေး သည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်နေပုံ (ပုံဟောင်း)

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ဧရာဝတီတိုင်း

#ရေကြည်မြို့နယ်

#အမှတ်(၃၄၄)အမြောက်တပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly