မြန်မာမှ တစ်ဆင့် ကာလကတ္တားမှ ဘန်ကောက်သို့ ဆက်သွယ်သည့် ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး ပြီးစီးရန် ၄ နှစ်ခန့် ကြာဦးမည် 

By Financial Express
21 June 2023
မြန်မာမှ တစ်ဆင့် ကာလကတ္တားမှ ဘန်ကောက်သို့ ဆက်သွယ်သည့် ၃ နိုင်ငံ အဝေးပြေးလမ်းမကြီး ပြီးစီးရန် ၄ နှစ်ခန့် ကြာဦးမည် 

မြန်မာမှ တစ်ဆင့် ကာလကတ္တားမြို့မှ ဘန်ကောက်မြို့သို့ ဆက်သွယ်မည့် ၃ နိုင်ငံအဝေးပြေးလမ်းမကြီး ပြီးစီးရန် ၄ နှစ်  ကြာမြင့်နိုင်ကြောင်း နိုင်ငံအသီးသီးမှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးများအဖွဲ့က မကြာသေးမီက ထုတ်ပြန်လိုက်သည်။ 

ယင်းကိစ္စသည် လူသိမများသော်လည်း အလားလာကောင်းမည်ဟု သတ်မှတ်ထားသည့် လမ်းပန်း ဆက်သွယ်ရေးချိတ်ဆက်သည့် စီမံကိန်း၏ ဝန်ကြီးချုပ်ဟောင်း အေတယ်လ် ဘီဟာရီ ဗာ့ဂျ်ပါယီဆီက စတင်စိတ်ကူးခဲ့ခြင်းဖြစ်သည်။ 

ယင်းအစီအစဉ်ကို ၂၀ဝ၂ ခုနှစ် ဧပြီလတွင် အိန္ဒိယ၊ မြန်မာနှင့် ထိုင်းဝန်ကြီးများ အစည်းအဝေးတွင် အတည်ပြု ခဲ့သည်။ ယင်းစီမံကိန်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အကြား ကုန်သွယ်မှုမြှင့်တင်ရန် ဖြစ်သည်။ 

အကွာအဝေးနှင့် လမ်းကြောင်းက အစိုးရများအတွက် စိန်ခေါ်မှုများစွာရှိခြင်းကြောင့် ယင်းဧရာမစီမံကိန်းကြီး နှောင့်နှေးခဲ့ရသော်လည်း လာမည့် ၄နှစ်အတွင်း ယင်းလမ်းကို ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလာ သည်။ 

 အဆိုပြုချက်အရ ယင်းအဝေးပြေးလမ်းမကြီးသည် ထိုင်းနိုင်ငံ ဆူခိုထိုင်းမြို့၊ မဲဆောက်မြို့များနှင့် မြန်မာမှ ရန်ကုန်၊ မန္တလေး၊ ကလေးဝ၊ တမူးမြို့ကြီးများကို ဖြတ်ကျော်သွားပြီးမှ အိန္ဒိယသို့ ဝင်ရောက်သွားမည် ဖြစ်သည်။ 

အိန္ဒိယတွင် ယင်းလမ်းသည် မိုရေး၊ ကိုဟီးမား၊ဂူဝါဟာတီ၊သီရိရမ်ပါနှင့် စီလီဂူရီမြို့များကို ဖြတ်သန်းသွား ဖွယ်ရှိကြောင်း TOI အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အစီရင်ခံစာများအရ ၃ နိုင်ငံအဝေးပြေးလမ်းမကြီး၏ စုစုပေါင်းအကွာအဝေးသည် ကီလိုမီတာ ၂၈၀ဝ ကျော်ရှိ မည်ဖြစ်သည်။ အိန္ဒိယတွင် အဝေးပြေးလမ်း အရှည်ဆုံးဖြစ်ပြီး အတိုဆုံးလမ်းပိုင်းမှာ ထိုင်းနိုင်ငံတွင် ဖြစ်သည်။ 

ဆောက်လုပ်ရေးလုပ်ငန်းအများစုသည် အိန္ဒိယနှင့် ထိုင်းတွင် ပြီးစီးနေပြီဖြစ်သော်လည်း မြန်မာတွင် အကြောင်း အမျိုးမျိုးကြောင့် ဆောက်လုပ်ရေးလုပ်ငန်း နှောင့်နှေးနေသည်။ 

ကလေးဝနှင့် ယာကြီးကြားရှိ ၁၂၁ ဒသမ ၈ ကီလိုမီတာ ရှည်လျားသည့် လမ်းပိုင်းအား လေးလမ်းသွား အမြန်လမ်း အဖြစ် အဆင့်မြှင့်တင်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း မြန်မာကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး က Swarajya သတင်းဌာနကို ပြောကြားထားသည်။ 

ယင်းလမ်းပိုင်း လုံးဝပြီးစီးရန် နောက်ထပ် ၂ နှစ်၊ ၃နှစ်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly