ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးသောကြောင့် သရုပ်ဆောင်ပိုးကြာဖြူခင် ဖမ်းဆီးစစ်ကြောခံရ

By ဂန္ဒမာ (မဇ္ဈိမ)
21 June 2023
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးသောကြောင့် သရုပ်ဆောင်ပိုးကြာဖြူခင် ဖမ်းဆီးစစ်ကြောခံရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဆုတောင်းပိုစ့် (Post) တင်ခဲ့သောကြောင့် သရုပ်ဆောင် ပိုးကြာဖြူခင်အား ဇွန်လ ၁၉ ရက်ကစတင်ကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ကြောနေကြောင်း သိရသည်။

" ဇွန် ၁၉ နေ့က "ငြိမ်းချမ်းသောမွေးနေ့ဖြစ်ပါစေ" လို့ သူ့ဖေ့ဘုတ် (Facebook) မှာတင်လို့ သူ့အိမ်မှာ လာဖမ်းသွားတာပါ။ ငွေလိုချင်လို့၊ ငွေညှစ်ချင်လို့ပါဗျာ " ဟူ၍ တရားရေးနီး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

စစ်အာဏာသိမ်းမှုအားဆန့်ကျင်တော်လှန်သောပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ပတ်သက်ဆက်နွယ်သည့် အရေးအသားများအား လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြမိလျှင် စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးအမည်ခံ တယ်လီဂရမ်ချန်နယ်များမှ ထိုသူများအားဖမ်းဆီးရန် နာမည်၊ နေရပ်လိပ်စာနှင့် အကြောင်းအရာ အချက်အလက်အတိအကျကိုဖော်ပြပြီး တိုက်တွန်း‌လေ့ရှိကြောင်း တွေ့မြင်ရသည်။

ထိုထဲတွင် သရုပ်ဆောင် ပိုးကြာဖြူခင်နှင့် ၎င်း၏မိခင်လည်းပါဝင်ခဲ့ပြီး သူမတို့နှစ်ဦးကို ဖမ်းဆီးရန် ဇွန်လ ၁၉ ရက်နေ့က ဖော်ပြထားမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဖေစ့်ဘွတ်တွင် မွေးနေ့ဆုတောင်းပေးသည့် သရုပ်ဆောင် ပိုးကြာဖြူခင် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ပြည်သူတစ်ဦးက ယခုကဲ့သို့မှတ်ချက်ပြုသည်။

" အဲ့တာကြောင့် ဒီနိုင်ငံထဲနေရင် ဘာမှကို မshare ရဲ၊ မရေးရဲ၊ like မလုပ်ရဲ၊ သူတို့ဖမ်းချင်ရင် like လုပ်တာကအစ အပြစ်ရှာတာ detail (အသေးစိတ်) ကျကျ " ဟူ၍ ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်ကြသူများ၊ ပန်းပွင့်ကိုင်ဆောင် သွားလာကြသူများ၊ ပန်းရောင်းချသူ၊ ဝေငှသူများကိုလည်း စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#သရုပ်ဆောင်

#ပိုးကြာဖြူခင်

#မွေးနေ့ဆုတောင်း

#ဒေါ်အောင်ဆန်းစုကြည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly